Saturday, June 24, 2017

ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတိုးချဲ့လေးထပ်လူနာဆောင်သစ် ဖွင့်လှစ်

ဘားအံ   ဇွန်     ၂၄
ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၏ တိုးချဲ့လေးထပ်လူနာဆောင်သစ်အား ဇွန်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်က အဆိုပါတိုးချဲ့လူနာဆောင်သစ်တွင် ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာ တင်ဝင်းကျော်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်လွင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် (ကုသရေး) ဒေါက်တာဌေးအောင်၊ ဆေးရုံအုပ်ကြီးဒေါက်တာကျော်မြင့်၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းမင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာတင်ဝင်းကျော်က တိုးချဲ့လေးထပ်လူနာဆောင် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြကာ လူနာဆောင်သစ်အား လှည့်လှည်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသည် ၁၉၅၄-ခုနှစ်မတိုင်မှီက သထုံခရိုင် ဆေးပေးခန်းအဖြစ် စတင် တည်ထောင်ခဲ့ရာမှ ၁၉၅၉-ခုနှစ်တွင် ကုတင်(၁၀၀)၊ ၂၀၁၂-ခုနှစ်တွင် ကုတင်(၂၀၀)သို့ အဆင့်တိုးမြှင့်ခဲ့ရာမှ လက်ရှိအခြေအနေတွင် ကျန်းမာရေး ဝန်ဆောင်မှုများ ကောင်းမွန်ခြင်း၊ နိုင်ငံတော်အစိုးရမှ ဆေးဝါးများ အခမဲ့ထုတ်ပေးခြင်းနှင့် ပြည်သူလူထု၏ အားကိုး ယုံကြည်မှုရှိခြင်းတို့ကြောင့် နေ့စဉ်ပျှမ်းမျှအတွင်းလူနာဦးရေမှာ ၃၅၀ ဦးခန့်ရှိပြီး ဝန်ဆောင်မှုပေးနိုင်သည့် ကုတင်(၂၀၀) ထက် ပိုမိုနေကြောင်း၊ လူနာများထားရှိရန် အဆောက်အဦနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆရာဝန်၊ ဆရာမ၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများ ပြည့်ပြည့်စုံစုံ ခန့်ထားပေးနိုင်ရန် လိုအပ်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခန့်ထားပေးနိုင်ခြင်း မရှိသေးကြောင်း၊ လိုအပ်ချက်အရ ကုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအဖြစ်သို့ တိုးမြင့်ပေးနိုင်ရန် တင်ပြထားကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှူးဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်၏ ပြောကြားချက်အရ သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး၊ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (ကုသရေး)တို့က လမ်းညွှန်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည့်သူ့ဆေးရုံအုပ်ကြီးက တိုးချဲ့လေးထပ်ဆောင်နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်း ပြောကြားကာ MKT ဆောက်လုပ်ရေး ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ဆေးရုံအုပ်ကြီးထံ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ပြီး ဘားအံဆေးရုံကြီးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ တိုးချဲ့လေးထပ်လူနာဆောင်သစ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၇၀၀)သန်းဖြင့် MKT ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးထပ်တွင် ICU နှင့် ဓါတ်ခွဲဌာန၊ ပထမထပ်တွင် ခွဲစိတ်ခန်း၊ ဒုတိယထပ်နှင့် တတိယထပ်တို့ကို ခွဲစိတ်လူနာဆောင်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်းနှင့် တိုးချဲ့လေးထပ်လူနာဆောင်သစ်သို့ တက်ရောက်ကုသကြမည့် လူနာများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ဆေးဝါးများ၊ ခေတ်မီ ရောဂါရှာဖွေရေးနှင့် ကုသမှုဆိုင်ရာ စက်ပစ္စည်းကိရိယာများကို စွမ်းဆောင်မှုပြည့်ဝစွာ အသုံးချ၍ စိတ်ချမ်းမြေ့သာယာစွာ ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment