Wednesday, June 28, 2017

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်လုပ်ဆောင်လျက်ရှိ



မုံရွာ   ဇွန်    ၂၈
စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကျယ်ဆုံးတိုင်းဒေသကြီး တစ်ခု ဖြစ်သကဲ့သို့ သစ်တောဖုံးလွှမ်းမှုအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တတိယအများဆုံး တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သစ်တောဖုံးလွှမ်းမှု တိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် သစ်တောများ တိုးတက်လာစေရန်အတွက် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ တရားမဝင် သစ်ထုတ်လုပ်မှုများ လျော့နည်း ပပျောက်ရေး၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ တိုးတက်အောင် ထိန်းသိမ်းရေးတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
'' သစ်များ စနစ်တကျ ထုတ်ယူသုံးစွဲသလို၊ ရှိနေတဲ့ သစ်တောတွေအပြင် အသစ်ထပ်မံစိုက်ပျိုးတဲ့ သစ်တောတွေကိုလည်း ဂရုတစိုက်နဲ့ စိုက်ပျိုးပြီး သစ်တောတွေကို တိုးတက်များပြားလာအောင် လုပ်ဆောင်တာပါ၊ သစ်တောသစ်ပင်တွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို အများကြီး အထောက်အကူဖြစ်စေတဲ့အတွက် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းတွေကိုလည်း ဘဏ္ဍာနှစ်အလိုက် လုပ်ဆောင်တာပါ'' ဟု တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအဖြစ် ကျွန်းသင်း/ကျွန်းစိုရိုက်မှတ်ခြင်း (၃၇၂ဝ)ပင်၊ သစ်မာပင်ထောင်ရိုက်ခြင်း (၉၆၈၇၄)ပင်၊ စိုက်ခင်းတည်ထောင်ခြင်းအဖြစ် (၂၅ဝဝ) ဧက၊ ဓမ္မတာမျိုးဆက်ခြင်း (၁၁၂၃ဝ)ဧက၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်း (၂၄၂ဝ)ဧက၊ အုပ်မိုးကာဆိုင်းခုတ်လှဲခြင်း (၄၁၈၇)ဧက၊ ပေါင်းသင်ရှင်းလင်းခြင်း (၄၃ဝဝ)ဧက၊ ပင်ကြပ်နှုတ်ခြင်း (၂ဝ၃၅)၊ နွယ်ဖြတ် ညောင်ပတ်လှဲခြင်း (၆၃၇၈၅)ဧက၊ သစ်တောလမ်းပြင်ခြင်း (၁၅ဝ)မိုင်၊ ကြိုးဝိုင်းနယ်နိမိတ်ခြင်း (၄၅ဝ)မိုင်၊ အကွက်နယ်နိမိတ်ပြင်ခြင်း (၄၁၅)မိုင်၊ မီးကာကွယ်ခြင်း (၄၈ဝဝ)ဧက၊ ကြိုးဝိုင်း တိုးချဲ့ဖွဲ့စည်းခြင်း (၄ဝဝ)ဧက၊ ကိုင်းချိုင်ရှင်းလင်းခြင်း (၁ဝ၈၅)လုပ်ငန်းများကို ယခုဘဏ္ဍာနှစ် သစ်တောရာသီချိန်အလိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment