Wednesday, June 28, 2017

ကယားပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး မယ်စဲ့မြို့နယ်အတွင်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်း စစ်ဆေး

မယ်စဲ့ ဇွန် ၂၈
ကယားပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်သည် ဇွန် ၂၈ ရက် နံနက်ပိုင်းက ကယားပြည်နယ် မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် မြို့ရှောင်လမ်းနှင့်မြို့တွင်း မြို့ကွက် ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ အထွေထွေ ပိုလျှံရန်ပုံငွေမှ မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက် မယ်စဲ့မြို့ရှောင်လမ်း အရှည် ၄၃၀၀ ပေ၊ အကျယ် ၄၀ ပေ(မြေသား)လမ်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၁၃.၂၆ သန်းနှင့် မယ်စဲ့မြို့တွင်းမြို့ကွက်ဖော်ထုတ်ခြင်းလုပ်ငန်းအတွက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း အရှည် ၁၀၄၉၀ ပေ၊ အကျယ် ၃၀ ပေ အတွက် ခွင့်ပြုရန်ပုံငွေကျပ် ၇၄.၃၆ သန်းဖြင့် ငွေနှင်းတောင် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပြီးစီးမှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ အကောက်ခွန်ဦးစီးဌာန၊ စီမံကိန်း ဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ဌာနများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment