Friday, June 9, 2017

လူထုဗဟိုပြုစီမံကိန်း၊ ရှမ်းပြည်နယ်မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကျင်းပ

တောင်ကြီး    ဇွန်   
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း၊ ရှမ်းပြည်နယ်မြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ဇွန်(၉)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်းကို ပြည်နယ်အတွင်းရှိ မြို့နယ်များအနက်မှ မြို့နယ်(၃)မြို့နယ်ကို ရွေးချယ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပဉ္စမနှစ်စက်ဝန်းတွင် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန်အတွက် အကြံဉာဏ်ယူ ဆွေးနွေးကြမည့် အစည်းအဝေး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်အားဖြည့်ပေးသည့် အနေဖြင့် ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း(၈၀)နှင့် နည်းပညာပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၌ လူထုဗဟိုပြုစီမံကိန်း Community Driven Development-CDD Project ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်း ဆောင်ရွက်ချက်အောင်မြင်မှုအပေါ် အားရကျေနပ်မှု ရှိတာကြောင့် ၂၀၁၄ ခုနှစ်အကုန်တွင် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း(၄၀၀)၊ အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေ ယူရိုသန်း(၂၀)ရရှိလာပြီး၊ နိုင်ငံတော်မှ ဘတ်ဂျက်ထည့်ဝင်ငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၅)သန်းဖြင့် (၆)နှစ်အတွက် သန်း(၃၀)ထပ်ပေါင်းပြီး စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ(၅၃၂)သန်း ခန့်ဖြင့် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ စီမံကိန်းကို မြို့နယ်ပေါင်း ၆၃ မြို့နယ်ဆောင်ရွက်ရန် လျာထားပါကြောင်း၊ လူထုဗဟိုပြုစီမံကိန်း ပထမနှစ်စီမံကိန်းစက်ဝန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်၍ မြို့နယ်(၃)မြို့နယ်မှာလည်းကောင်း၊ ဒုတိယနှစ်စီမံကိန်းစက်ဝန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ မြို့နယ်(၆)မြို့နယ်တိုးချဲ့၍လည်းကောင်း၊ တတိယနှစ်စီမံကိန်း စက်ဝန်းကို ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်မှစတင်၍ မြို့နယ်(၁၈)မြို့နယ်တိုးချဲ့၍ လည်းကောင်း၊ စတုတ္ထနှစ်စီမံကိန်း စက်ဝန်းကို ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှစတင်၍ မြို့နယ်(၂၀)မြို့နယ်တိုးချဲ့၍ လည်းကောင်း ဆောင်ရွက်ခဲ့ရာ  ယခုအခါစုစုပေါင်း စီမံကိန်းမြို့နယ် (၄၇)မြို့နယ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ပဉ္စမနှစ်စက်ဝန်း ဖြစ်သည့် ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်မှာ မြို့နယ်(၁၆)မြို့နယ် တိုးချဲ့အကောင်အထည်ဖော်ရန် လျာထားပါကြောင်း၊ ရှမ်းပြည်နယ်နမ့်ဆန်မြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အောင်မြင်မှုများ တွေ့ရှိနေရသည့်အတွက် စီမံကိန်း ပဉ္စမနှစ်၏ မြို့နယ်(၁၆)မြို့နယ် တိုးချဲ့လျာထားချက်မှာ ရှမ်းပြည်နယ်မှ မြို့နယ်(၃)မြို့နယ် ထပ်မံတိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဒေါက်တာခင်ဇော်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်တို့က စီမံကိန်းနှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment