Friday, June 9, 2017

လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ လွှဲပြောင်း ပေးအပ်

ဘားအံ ဇွန် ၉

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများအား သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများသို့ ဇွန်လ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်က ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးနေဦးက လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လူထုဗဟိုပြုစီမံကိန်းရုံး(ခွဲ) ကရင်ပြည်နယ် စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးမှ လူထုဗဟိုပြုစီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေးဆိုင်ရာ အဆောက်အဦများကို ပြည်နယ်ပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းအောင်အား လည်ကောင်း၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦများကို ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်အား လည်ကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုလွှဲပြောင်းပေးအပ်သည့် အဆောက်အဦများတွင် ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦများအဖြစ် စာသင်ကျောင်းအသစ် တည်ဆောက်ခြင်း တစ်ခု၊ စာသင်ကျောင်း တိုးချဲ့ပြုပြင်ခြင်း ၆၂ ခု၊ စာသင်ကျောင်းဆက်စပ် အခြေခံအဆောက်အဦ ၁၇ ခုကို စီမံကိန်း ထောက်ပံ့ရန်ပုံငွေ(၇၉.၇၈)သန်း ပြည်သူထည့်ဝင်ငွေ(၂.၄၆)သန်း စုစုပေါင်း(၈၂.၂၄)သန်းဖြင့် လည်ကောင်း၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦအဖြစ် အုတ်(ကွန်ကရစ်) အမျိုးအစား ကျေးလက်ဆေးပေးခန်းပြုပြင်ခြင်းကို စီမံကိန်း ထောက်ပံ့ရန်ပုံငွေ(၁၁.၂၄) သန်းဖြင့် ဆောင်ရွက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမနှစ် စီမံကိန်းစက်ဝန်းကို စတင်ဆောင်ရွက်ခဲ့ပြီး လမ်းလုပ်ငန်း(၃၉)ခု၊ တံတားလုပ်ငန်း(၁၃)ခု၊ ရေရရှိရေး လုပ်ငန်း(၅၈)ခု၊ မီးလင်းရေးလုပ်ငန်း(၄)ခု၊ ပညာရေးလုပ်ငန်း(၈၀)ခု၊ ကျန်းမာရေး လုပ်ငန်း(၁)ခု၊ စီမံကိန်းလုပ်ငန်းခွဲ စုစုပေါင်း(၁၉၅)ခုအား ထောက်ပံ့ ရန်ပုံငွေကျပ်(၂၁၄၀)သန်းဖြင့် ကျေးရွာအုပ်စု(၄၇)အုပ်စု၊ ကျေးရွာ(၃၂၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကို ၄ နှစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် လာမည့်နှစ်များတွင်လည်း အဆောက်အဦများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အနေဖြင့် လှိုင်းဘွဲမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်တို့တွင် လူထုဗဟိုပြုစီမံကိန်းကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment