Saturday, June 24, 2017

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် သတ္တမအကြိမ် ပုံမှန် တွေ့ဆုံ ဆွေးနွေးပွဲကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြား



ရန်ကုန် ဇွန် ၂၃
မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူ လျှင်မြန် ချောမွေ့စေရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ကဏ္ဍအလိုက် ဝန်ကြီးဌာန အသီးသီးမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် သတ္တမအကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းဝင်း၊ ဒေါက်တာ သန်းမြင့်၊ ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာ ထွန်းနိုင်နှင့် ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ အစည်းအဝေး ကျင်းပရခြင်းမှာ တိုင်းပြည်၏ စီးပွားရေးတွင် အဓိကမောင်းနှင်အား ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍကို အားပေးမြှင့်တင်ပေးရာမှ တစ်တိုင်းပြည်လုံး၏ စီးပွားရေးကို တိုးတက်စေပြီး ပြည်သူများ၏ လူမှု စီးပွားဘဝကိုပါ တိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက်  စီးပွားရေး လုပ်ငန်းရှင်များနှင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာမှ စတင်တွေ့ဆုံ ဆွေးနွေးခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ယခင် တွေ့ဆုံ ဆွေးနွေးပွဲ (၆)ကြိမ်၌ စီးပွားရေး လုပ်ငန်းရှင်များမှ တင်ပြသည့် အကြံပြုချက် စုစုပေါင်း (၉၁)ချက်ရှိပြီး ယင်းအကြံပြုချက် (၉၁)ချက်အား မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှတဆင့် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့ ပြန်ကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ အချို့အချက်များမှာ ဥပဒေနှင့် ပတ်သက် ဆက်နွယ်နေသည့် အချက်များ ဖြစ်သဖြင့် အချိန်ယူ၍ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစည်းအဝေးများကို နှစ်လတစ်ကြိမ်နှင့် မဏ္ဍိုင်(၅)ရပ်ကို တာဝန် ယူထားကြသည့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ (၅)ခု၏  အစည်းအဝေးကို တစ်လတစ်ကြိမ် ကျင်းပလျှက် ရှိကြောင်း၊ ယခုဆိုလျှင် ကော်မတီ အစည်းအဝေး (၃)ကြိမ်နှင့် လုပ်ငန်းကော်မတီ အစည်းအဝေး (၂၅)ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင်လည်း ပုဂ္ဂလိကကဏ္ဍ၏ တင်ပြချက်များ အပေါ် လိုအပ်သလို ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ (၅)ရပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တပါတည်း တက်ရောက်လျှက် ရှိကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုမှ  ပုဂ္ဂလိက လုပ်ငန်းရှင်များ တင်ပြလာသည့် အခက်အခဲများကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီများက ဆွေးနွေး ညှိနှိုင်းပြီး ဖြေရှင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်သကဲ့သို့ အချို့အချက်များကိုမူ ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်နှင့် လုပ်ငန်းစီမံချက် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ လုပ်ငန်းကော်မတီ အလိုက် (၆)လအတွင်း ဦးစားပေး အကောင်အထည် ဖော်မည့် လုပ်ငန်း စီမံချက်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကွင်းဆင်း ဆောင်ရွက်မည့် အစီအစဉ်များအရ မေလအတွင်းတွင် ငွေကြေး ရရှိစေနိုင်မှု ဆိုင်ရာများ ဆောင်ရွက်ရေး လုပ်ငန်းကော်မတီသည် မန္တလေးတိုင်းဒေသကြီး တွင်လည်းကောင်း၊ အခြေခံ လူသား အရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီသည် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် လည်းကောင်း နှီးနှောဖလှယ်ပွဲများ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ချိန်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်လာစေရေး အတွက်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဦးဆောင်၍ “ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) (ဓန)Dana Facility, UK aid ”တို့၏ နည်းပညာ၊ ငွေကြေး ထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ ရင်းနှီးမျြုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူ ချောမွေ့စေရေး လေ့ကျင့် သင်ကြားမှု” အလုပ်ရုံ ဆွေးနွေးပွဲကို အောက်မြန်မာပြည် အတွက် ကရင်ပြည်နယ် ဘားအံမြို့နှင့် အထက်မြန်မာ ပြည်အတွက် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့တွင် ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှု အနေဖြင့် ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် သီလဝါ အထူး စီးပွားရေးဇုန် အပါဝင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ၁ ဘီလီယံနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် ကျပ် ၅ဝ၁ ဘီလီယံကျော် ရှိခဲ့ပြီး နှစ်လခွဲကျော် ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံလာသည့် အတွက် အားရ ကျေနပ်ဖွယ်တွေ့ ရှိရပါကြောင်း၊
ယခုကဲ့သို့ ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ရာတွင် မူဝါဒသက်သက် ချမှတ်ရုံမဟုတ်ဘဲ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများ၏ အားနည်းချက်များကို စဉ်ဆက်မပြတ် သုံးသပ်ဝေဖန် ဆန်းစစ်ပြီး ပြင်ဆင်ပေးရသကဲ့သို့ စီးပွားရေးလုပ်ငန်း ကဏ္ဍတစ်ခုချင်းအလိုက် အဓိက ဦးဆောင်သူများနှင့်လည်း မကြာခဏထိတွေ့ပြီး အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ခုအကြား အဆက်အစပ်မိမိ၊ ဟန်ချက်ညီညီ ပူးပေါင်း လုပ်ဆောင်နိုင်ရန် ဆောင်ရွက် ပေးနေခြင်းလည်း ဖြစ်ပါကြောင်း၊ ယနေ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေး ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ တွေ့ကြုံနေရသော အခက်ခဲများကို ပွင့်ပွင့်လင်းလင်း အကြံပြုကြရန် တိုက်တွန်း လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတို့က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပြု ဆွေးနွေး ပြောကြားပြီး နယ်စပ်ဒေသ ကုန်သွယ်မှု တိုးမြှင့်ရေးကဏ္ဍ အတွက် ကုန်သည် စက်မှုအသင်းချုပ် နယ်စပ်ဒေသ ကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့် ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများ အလိုက် အကြံပြု ဆွေးနွေးတင်ပြ ကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးသည်။                                          
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ် အမှာစကား ပြောကြားပြီး ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment