Thursday, June 15, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၄ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇွန် ၁၅
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၄ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့မစည်ပင် သာယာဈေးကြီး၏ ပျံကျဈေးသစ် နေရာ အား ကိုယ်ကျိုးအတွက် ရောင်းချထားသူများကို အရေးယူပေး ရန်နှင့် ကူးတို့ခကို သတ်မှတ်နှုန်းထက်ပို၍ ကောက်ခံမှုကို အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက  ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးကြီး အတွင်း ပျံကျဈေးခုံ ဆောက်လုပ်ခဲ့ခြင်းသည် နိုင်ငံတော်၏ ဘဏ္ဍာငွေ အသုံးပြုခဲ့ခြင်း မရှိပါကြောင်း၊ ဈေးသန့် ရှင်းမှုနှင့် စနစ်တကျ ရောင်းဝယ်မှုတို့ကို အထောက်အကူဖြစ်စေရေးအတွက် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အမှုဆောင် အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဦးလှဖော်ဇံနှင့် ညှိနှိုင်း၍ ဈေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဦးမှ ခေတ္တငွေစိုက်ထုတ်ကာ အောက်ခံ အုတ်ရိုးခင်း၊ သံဟင်ဂလင်၊  သံပြားခင်း ပျံကျဈေးခုံ ၃၂၁ ခုံ ဆောက်လုပ်ခဲ့ပါကြောင်း။
သို့သော် ဆောင်ရွက်မည့် အစီအမံကို သက်ဆိုင်ရာ ပြည်နယ်သို့ တင်ပြမှုမရှိခြင်း၊ ပျံကျဈေးသည် များအား မူဝါဒနှင့် ကိုက်ညီမှုမရှိဘဲ နေရာချထားပေးခဲ့ခြင်း၊ ဈေးသူ၊ ဈေးသားများ၏ ဆန္ဒခံယူမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့မှု မရှိခြင်းများ တွေ့ရှိရသည့် အတွက် ပြည်နယ် အစိုးရ၏ လမ်းညွှန်ချက်အရ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုံစမ်း စစ်ဆေးရေး အဖွဲ့ဖြင့် ဖွဲ့စည်း စစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ တင်ပြချက်အပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီးဌာန၏  ညွှန်ကြားချက်အရ ပျံကျဈေးခုံများ ဆောက်လုပ်ခဲ့ချိန်မှစ၍ ၃နှစ်ကာလဖြစ်သည့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် နောက်ပိုင်းတွင် ပျံကျဈေးသည်များအား ပြန်လည်နေရာချ ထားပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် ကင်းကူးတို့နှင့် အုန်းချောင်းကူးတို့ လုပ်ငန်း ဟူ၍ ကူးတို့ ၂ခုရှိပါကြောင်း၊ ကူးတို့လုပ်ငန်း လုပ်ကိုင်သူတို့အား ကူးတို့ လိုင်စင် စည်းကမ်းချက်နှင့်အညီ လိုက်နာရန် ညွှန်ကြားထားပြီး စည်းကမ်း ဖောက်ဖျက်ပါက သတိပေး ဆောင်ရွက်သွားမည်ဖြစ်ကာ လိုက်နာခြင်း မရှိပါက လိုင်စင် ရုပ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အုန်းချောင်းကူးတို့ လိုင်စင်မူလရရှိသူက ခရီးသည် တစ်ဦးလျှင် ငွေကျပ် ၂၀၀နှုန်း သတ်မှတ်ထားသော်လည်း ငွေကျပ် ၃၀၀နှုန်း တိုးမြှင့် ကောက်ခံ နေသည်ဟု တင်ပြ လာခြင်းအပေါ် ကွင်းဆင်းစစ်ဆေးပြီး အလားတူ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ခေါ်ယူ သတိပေးဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် ၆၆ထောင်အတွက် အကျဉ်းထောင် ဆရာဝန်များ၊ သူနာပြု များ၊ ကျန်းမာရေးမှူးများ အပါအ၀င် ကျန်းမာရေး ၀န်ထမ်းများ ပြည့်စုံစွာ သီးသန့် ခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က အကျဉ်းဦးစီးဌာနရှိ အကျဉ်းသူ၊ အကျဉ်းသား၊ အချုပ်သူ၊ အချုပ်သားများ၏ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ထမ်းဆောင်ရန် ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနမှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည်စုံသူ ၀န်ထမ်းကို သာလျှင် တာဝန် ထမ်းဆောင်ခွင့်ပြုရသဖြင့် ကျန်းမာရေး ၀န်ထမ်းများ ဖြည့်တင်းနိုင်ရေး အတွက် ပြည်ထဲရေး ၀န်ကြီးဌာန၏ ၂၀၁၆ ခုနှစ် မေ ၃၀ ရက်၊  နိုဝင်ဘာ ၅ ရက်နှင့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၀ ရက် ရက်စွဲပါ စာများဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း။

ထိုသို့ ညှိနှိုင်းချက်အရ အကျဉ်းထောင်၊ စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို  ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနရှိ ကုသရေး ဦးစီးဌာန နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ပြည်သူ့ဝန်ထမ်းများ၊ သန္ဓေကျန်းမာရေး ၀န်ထမ်းများကိုသာ အလှည့်ကျ တာဝန်ချထားခြင်း၊ လိုအပ် ပါက ဆေးရုံတင်စေပြီး အထူးကု ဆရာဝန်များ၏ စောင့်ရှောက်မှုလိုပါကလည်း အထူးကု ဆရာဝန် ရှိသော မြို့ရှိ ဆေးရုံများတွင် လိုအပ်သော ကုသမှုကို အခြားလူနာများနှင့် ကွာခြားမှု မရှိစေဘဲ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ဗဟိုအဆင့် အကျဉ်းထောင်များရှိ အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ကုသရေး ဦးစီးဌာနမှ လက်ထောက် ဆရာဝန်များ တာဝန်ချထားခြင်း အပြင် အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေး ဆေးရုံကြီး(ရန်ကုန်မြို့)၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ သာယာဝတီ ပြည်သူ့ဆေးရုံကြီးတို့မှ အထူးကု ဆရာဝန်ကြီး များမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့မှလည်း အကျဉ်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ရွေ့လျားဆေးခန်း (Mobile Team) အဖြစ် ကုသမှု ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်က ကုသရေး ဦးစီးဌာနမှ တာဝန် ချထား၍ လက်ထောက်ဆရာဝန် ခန့်ထားခဲ့သော်လည်း ယခုအခါ မိခင်ဌာန၌ပင် လက်ထောက် ဆရာဝန် နည်းပါး မလုံလောက်ခြင်းများ ဖြစ်ပေါ် နေသဖြင့် အကျဉ်းထောင် အများစုကို အလှည့်ကျ တာဝန်ချထားခြင်းဖြင့်သာ  ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ပါကြောင်း၊ 

အကျဉ်းသူ၊ အကျဉ်းသား၊ အချုပ်သူ၊ အချုပ်သားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် လိုအပ်သော ကျန်းမာရေး ၀န်ထမ်းများကို ထပ်မံ ဖြည့်တင်း ပေးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဆရာဝန်အင်အား လုံလောက်မှုမရှိသဖြင့် အခြား ၀န်ကြီးဌာနများသို့ ထပ်မံခန့်ထားပေးရန် အစီအစဉ် မရှိသေးသောကြောင့် ပြည်ထဲရေး ၀န်ကြီးဌာန အကျဉ်းဦးစီးဌာန အနေဖြင့် အကျဉ်း ထောင်၊ စခန်းများတွင် ကျန်းမာရေး အသိအမှတ်ပြု ဘွဲ့ရများထဲမှ ဆန္ဒပြုသူ ကျန်းမာရေး ၀န်ထမ်းများရှိပါက သီးသန့် ခန့်အပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိ ကျန်းမာရေး ၀န်ထမ်းများဖြင့် နေ့စဉ်ကြည့်ရှု ကုသမှုပေးခြင်း၊ လိုအပ်ပါက အကျဉ်း ထောင်ဆေးရုံနှင့် ပြင်ပ ဆေးရုံများတွင် တက်ရောက်ကုသနိုင်ရေး စီမံဆောင်ရွက် လျက်ရှိခြင်း၊ ကုသရေးဦးစီးဌာန လက်အောက် ဆေးရုံများမှ အထူးကု ဆရာဝန်ကြီးများက လစဉ် လာရောက်ကုသပေးလျက်ရှိခြင်း၊ ကျန်းမာရေးကို အထောက် အကူပြုစေသော သောက်သုံးရေ၊ အိမ်သာနှင့် အိပ်ဆောင်တိုးချဲ့ ဆောက်လုပ်ခြင်းကို နှစ်အလိုက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးနောင်နဂျာတန်တို့၏ မြို့မြေအဖြစ် သတ်မှတ် နေထိုင်ခွင့်ပြုရန်မေးခွန်းနှင့် စားကျက် မြေသတ်မှတ်ပေးရန် မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည် ရှင်းလင်းဖြေကြားသည်။

ယင်းနောက် စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဒေါ်နော်ခရစ္စထွန်း(ခ) ဒေါက်တာအား ကာမိုးက  ပြည်သူများ အနေဖြင့် နှစ်ပေါင်းများစွာ စာချုပ်စာတမ်းများကို တရားဝင် မှတ်ပုံတင် ရမည်ဟု မသိသည့်အပြင် အလွယ်တကူ စာချုပ်များလည်း ချုပ်ဆိုခဲ့ကြပါကြောင်း၊ အကျင့်ပျက် ခြစားမှုများနှင့် ပြဿနာ များလည်း ဖြစ်ခဲ့ပြီး မူလဥပဒေ၏ အကျိုးကို မခံစားခဲ့ရပါကြောင်း၊ ဥပဒေ၏ ခိုင်မာမှုနှင့် လုံခြုံမှုကို သိရှိလာပါက တရားဝင် စာချုပ်စာတမ်းများတွင် မှတ်ပုံတင်လာကြမှာ ဖြစ်ပြီး နိုင်ငံတော်၏ အခွန်လည်း တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ မှတ်ပုံတင်ဌာန၊ အခွန်ဌာနနှင့် အစိုးရအနေဖြင့် ပြည်သူများ ပူးပေါင်း ပါဝင်လာစေရန်နှင့် စနစ်တကျ စာချုပ်စာတမ်း မှတ်ပုံတင်လာစေရန် စည်းရုံးပညာပေး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ထို့နောက် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင် ထွန်းတို့က ဆက်လက် ဆွေးနွေး ကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၅ရက်မြောက် နေ့ကို ဇွန်လ ၁၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment