Thursday, June 15, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၅)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇွန်  ၁၅
 
သဒ္ဒါအပါအ၀င် ဘာသာစကား စွမ်းရည်မြင့်မားရေးအတွက် ယခုအသုံးပြုနေသော အင်္ဂလိပ်စာမေးခွန်း ပုံစံကို အင်္ဂလိပ်စာပညာရှင် ပါမောက္ခများနှင့် ပြန်လည်သုံး သပ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဖြစ်သင့်ဖြစ်ထိုက်သော မေးခွန်းပုံစံဖြစ်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။


ဘိုကလေးမဲဆန္ဒနယ်မှ ဦးမင်းသိုင်း၏ အခြေခံပညာ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်ဆိုင်ရာ မေးခွန်းများ၌ အင်္ဂလိပ် ဘာသာရပ် မေးခွန်းပုံစံကို သဒ္ဒါဦးစားပေး သော အင်္ဂလိပ်စာ မေးခွန်းပုံစံအဖြစ် ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်တွင် ပုံစံသစ်ပြောင်းလဲ မေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အမျိုးသားပညာရေး ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပညာရေးဖွဲ့စည်းပုံစနစ်သစ် (KG + 12) ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စ၍ သူငယ်တန်း (KG) သင်ရိုးသစ်ဖြင့် စတင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်ရိုးသစ်ရေးဆွဲမှုများ အနေဖြင့် မူလတန်းအဆင့် ပထမတန်းမှ ပဉ္စမတန်းအထိ သင်ရိုးသစ်များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ လည်းကောင်း၊ အလယ်တန်းအဆင့် အဋ္ဌမတန်းမှ န၀မတန်းအထိ သင်ရိုးသစ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိလည်းကောင်း၊ အထက်တန်းအဆင့် ဒသမတန်းမှ ဒွါဒသမတန်း အထိ သင်ရိုးသစ်များကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ လည်းကောင်း အသီးသီးရေးဆွဲ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ သင်ရိုး သစ်ရေးဆွဲမှုများမှ ထွက်ရှိလာမည့် သင်ရိုးညွှန်းတမ်းအသစ်၊ သင်ရိုးညွှန်းတမ်း မူဘောင်၊ သင်ကြားနည်း၊ စစ်ဆေး အကဲဖြတ်သည့်စနစ်နှင့် မေးမြန်းမည့် မေးခွန်းပုံစံများကိုလည်း သင်ရိုးသစ်များနှင့် ကိုက်ညီမှုရှိအောင် ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်တစ်ခု၏ ဦးတည်ချက်များကို အောင်မြင်ရန် အတွက် အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် လိုအပ်သည်များကို စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

အစည်းအဝေးတွင် ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ မာမိန်အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ လယ်မယ်ဝါကျီ မူလွန်ကျောင်း၊ မာမိန်ရှီဒီး အခြေခံပညာ မူလတန်း ကျောင်း၊ ဒုတ္တန်အခြေခံပညာ မူလတန်းကျောင်းတို့အား ကျောင်းဆောင်သစ် အစားထိုး ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဝင်းမော်ထွန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် ပူတာအို မြို့နယ် မာမိန်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပေ(၁၂၀ x ၃၀)သွပ်မိုးအုပ်ညှပ် တစ်ထပ် ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ငွေကျပ် ၄၆ ဒသမ ၈၀ သန်း ခွဲဝေပေးပြီးဖြစ်ပါကြောင်း။

လယ်မယ်ဝါကျီကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ မာမိန်ရှီဒီးကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းနှင့် ဒုတ္ထာန်ကျေးရွာ အခြေခံ မူလတန်းကျောင်းများသည် ယမန်နှစ်ဘတ်ဂျက် တင်ပြစဉ်က အခြားကျောင်းများနှင့်ယှဉ်လျှင် ဦးစားပေးအဆင့်တွင် မပါရှိခဲ့ပါကြောင်း၊ အဆိုပါကျောင်း ၃ ကျောင်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာထားဆောင်ရွက်ချိန်တွင် ၎င်းကျောင်းများ၏ အခြေအနေအပေါ်မူတည်၍ အကြီးစားပြင်ဆင်ခြင်း၊ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ်သတ်မှတ်ခြင်း၊ ဖျက်သိမ်း ခြင်း၊ ကျောင်းဆောင်သစ် ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်များအလိုက် လျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ ဦးလင်းလင်းကျော်နှင့် ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုး တို့၏ တတိယတန်းမြန်မာဖတ်စာအုပ်ပါ “အောင်ဆန်းဇာနည်” ကဗျာတွင် မူရင်းကဗျာဆရာအမည်နှင့် မူရင်းကဗျာစာသား ဖော်ပြပေးရန်နှင့် အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန်ဆိုင်ရာ မေးခွန်းများကိုလည်း ပညာရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက  ပြန်လည် ဖြေကြား ခဲ့သည်။

ထို့နောက် ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း တင်သွင်းထားသည့် “နိုင်ငံသား များအား စားသုံးသူ ပညာပေးရေး (Consumer Education) ဘာသာရပ်ကို သင်ကြား ပေးခြင်းဖြင့် စားသုံးသူရေးရာ အသိပညာ မြင့်မားလာပြီး ရွေးချယ်ဝယ်ယူ သုံးစွဲလာကြ ခြင်းကြောင့် အန္တရာယ်ရှိသော အစားအစာ၊ ဆေးဝါးအတုများနှင့် ညံ့ဖျင်းသော ဝန်ဆောင်မှုများ ဈေးကွက်တွင် အလိုအလျောက် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်ရာ ၎င်းဘာသာရပ်ကို အခြေခံပညာ အလယ်တန်း(၆၊ ၇၊ ၈)တန်း သင်ရိုးညွှန်း တမ်းမှစ၍ ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် (၁၆)ဦးက ဆွေးနွေးကြသည်။

အဆိုနှင့် စပ်လျဉ်း၍ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုး၊ ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေး၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၊ ချမ်းအေးသာစံ မဲဆန္ဒနယ်မှ ဦးမျိုးနိုင်၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ ကျိုက်မရော မဲဆန္ဒနယ်မှ ဦးစော ကျော်ဝင်းမောင်၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်အေဇင်လတ်နှင့် ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း တို့က အကြံပြု ဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာန အနေဖြင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ တရားဝင် ထုတ်ပြန်ကြေညာထားသည့် အများပြည်သူများ သုံးစွဲရန် မသင့်သော အစား အသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူး ရုံးများမှတစ်ဆင့် သက်ဆိုင်ရာ ကျောင်းအသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ သိရှိရှောင်ရှားနိုင်စေရန် အဆင့်ဆင့် အသိပေး ဆောင်ရွက်လျက် ရှိပါကြောင်း။

ဆက်လက် ရေးဆွဲပြုစုလျက်ရှိသည့် သင်ရိုးသစ်များတွင် အန္တရာယ်ရှိသော အစား အစာ၊ ဆေးဝါး အတုများ၊ ညံ့ဖျင်းသော ၀န်ဆောင်မှုများ၊ သင့်လျော်ကောင်းမွန်သည့် အစားအစာနှင့် ဆေးဝါးများကို ရွေးချယ် ၀ယ်ယူတတ်စေရေးနှင့် စားသုံးသူရေးရာ အသိ ပညာပေးရေး(Consumer Education) သင်ခန်းစာများကို ကလေးသူငယ်များ၏ အသက်အရွယ်၊ ဉာဏ်ရည်၊ နားလည်မှု အဆင့်အတန်းတို့နှင့် လိုက်လျောညီထွေဖြစ် အောင်ထည့်သွင်း လျာထားပါကြောင်း၊ ယင်းသင်ခန်းစာများကို အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်မှ တစ်ဆင့် အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၏ အတည်ပြုချက်ကို ရယူပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

အခြေခံပညာအဆင့်တွင် စာသုံးသူပညာပေးရေး (Consumer Education) ဘာသာရပ်ဟု တိုက်ရိုက် မသုံးနှုန်းထားသော်လည်း လက်ရှိအသုံးပြု သင်ကြားနေသည့် ဘ၀တွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွင် သော်လည်းကောင်း၊ ဆက်လက်ရေးဆွဲပြု စုလျက်ရှိသည့် သင်ရိုးသစ်များတွင် သော်လည်းကောင်း စာသုံးသူရေးရာ အသိပညာ ပေးသင်ခန်းစာများကို ထည့်သွင်း ရေးဆွဲနေပါသဖြင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိသင့်ပါကြောင်း တင်ပြသည်။

ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။

ယနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြု၍ ပေးပို့လာသော “ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း တို့ကိုလည်း ဆောင်ရွက် ခဲ့ကြသည်။ 

ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment