Thursday, June 15, 2017

အင်းတော်ကြီးကန်ဒေသအား ဇီဝအ၀န်းနယ်မြေ (Biosphere Reserve) အဖြစ် သတ်မှတ်



နေပြည်တော် ဇွန် ၁၅
 
ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကို အဖွဲ့ချုပ်ရုံး၌ ဇွန် ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် ၂၉ ကြိမ်မြောက် လူသားနှင့် ဇီဝအ၀န်းနယ်မြေ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အစည်းဝေးတွင် ကချင်ပြည်နယ် အတွင်းရှိ အင်းတော်ကြီး ကန်ဒေသအား ယူနက်စကိုအဖွဲ့ကြီး၏ လူသားနှင့် ဇီဝအ၀န်း နယ်မြေ အစီအစဉ် (UNESCO Man and the Biosphere Reserve Programme-MAB) အောက်ရှိ ကမ္ဘာ့ဇီဝအ၀န်းနယ်မြေများ ကွန်ရက်အတွင်း ပါဝင်သည့် ဇီဝအ၀န်း နယ်မြေတစ်ခုအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်။

အင်းတော်ကြီးကန်သည် ထူးခြားသည့် ဂေဟနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုတို့ကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်အနှစ် ဥယျာဉ်တစ်ခုအဖြစ် လည်းကောင်း၊ ကမ္ဘာ့အဆင့် အရေးပါသည့် ငှက်မျိုးစိတ်များ ကြွယ်ဝမှုနှင့် အခြား ထူးခြားသည့် ရေ၀ပ်ဒေသ အင်္ဂါရပ်များ ရှိခြင်း တို့ကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရမ်ဆာရေ၀ပ်ဒေသ (Ramsar Site) အဖြစ် လည်းကောင်း သတ်မှတ်ခံ ခဲ့ရသည်။

သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က "ဇီဝအ၀န်း နယ်မြေအဖြစ် သတ်မှတ်ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲ တန်ဖိုးများအား အသိအမှတ်ပြုခြင်း သာမက ဒေသခံပြည်သူများ အတွက် အကျိုးကျေးဇူးများ ရရှိစေမည့် ပူးတွဲစီမံ အုပ်ချုပ်ခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရမှ ကတိပြု လိုက်ခြင်းဖြစ်ကြောင်း" ပြောကြားသည်။

ရေ၀ပ်ဒေသဖြစ်သော အင်းတော်ကြီးကန်သည် စိုက်ပျိုးမြေများနှင့် သစ်တောများ ၀န်းရံထားကာ စနစ်တကျ ထိန်းသိမ်းခြင်း မပြုလုပ်ပါက အင်းတော်ကြီးကန်၏ ဂေဟစနစ်သည် ကျူးကျော်စိုက်ပျိုးမှု များနှင့် တရားမ၀င် သစ်ထုတ်လုပ်မှုများကြောင့် ထိခိုက်ပျက်စီးနိုင်ပြီး ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးများ အသုံးပြုပါက ညစ်ညမ်းမှုများ ဖြစ်လာ၍ ပျက်စီးသွားမည်ဖြစ်သည်။

အင်းတော်ကြီးကန်ဒေသ ဇီဝအ၀န်းနယ်မြေ (Indawgyi Biosphere Reserve) အား ရေရှည်တည်တံ့ ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဟန်ချက်ညီစွာ အကောင်အထည် ဖော်နိုင်ရေး၊ စီမံအုပ်ချုပ်သွားနိုင်ရေး တို့ကို ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အုပ်ချုပ်မှုစနစ်ဖြင့် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အစိုးရ အဖွဲ့များ၏ ဦးဆောင်မှုဖြင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment