Saturday, June 24, 2017

သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်



ရန်ကုန် ဇွန် ၂၃
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး
မီဒီယာလောက လွတ်လပ်ခွင့်များ အပါအ၀င် သတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးများကို မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က   ယနေ့ပြောကြား လိုက်သည်။

ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ၃၅ လမ်းရှိ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ရုံးခန်း၌   မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားရာတွင် သတင်း မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ် စာရင်း ဇယားများအရ အဆင့် ၁၃ အထိ တိုးတက်မှု ရှိသည်ဟု နိုင်ငံတကာက သုံးသပ်ခဲ့ကြောင်း၊ လာမည့်နှစ်များတွင် ယခုထက်မက တိုးတက် ကောင်းမွန်အောင် ဆောင်ရွက် သင့်သည်ဟု ထင်မြင်ပါကြောင်း၊  တိုးတက်အောင် ဆောင်ရွက်ရာတွင် သတင်းမီဒီယာ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ဓလေ့ထုံးစံ၊ သတင်းသမားများ၊ မီဒီယာ အဖွဲ့အစည်းများ၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ မီဒီယာ အဖွဲ့အစည်းများ၏ မီဒီယာ လွတ်လပ်ခွင့် တိုးတက် ဆောင်ရွက်မှုများ အပေါ်မှာ ပိုပြီး မူတည်ပါကြောင်း၊ မီဒီယာ အသင်းအဖွဲ့များတွင် သတင်း မီဒီယာ ကောင်စီသည် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ သတင်းမီဒီယာ ကောင်စီသည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် မီဒီယာလောက ဖွံ့ဖြိုး တိုးတက်မှုများကို လာမည့်နှစ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန် အကြံပြု လိုပါကြောင်း၊ ဆောင်ရွက်သည့် အခါတွင်လည်း မိမိတို့အနေနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများက မီဒီယာလောက ဖွံ့ဖြိုး တိုးတက်ရေး၊ မီဒီယာ ဥပဒေဆိုင်ရာ အချက်များ၊ သတင်း အချက်အလက် ရယူနိုင်ခွင့်၊ မီဒီယာသမားများအား လေ့ကျင့် ပျိုးထောင်ပေးရေး၊ မီဒီယာများနှင့် ပတ်သက်၍ တိုင်ကြားမှုများကို ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို  ဆွေးနွေးကြသည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ နှင့် မြန်မာဂျာနယ်လစ် ကွန်ရက်တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေး အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနှင့် မြန်မာဂျာနယ်လစ် ကွန်ရက်တို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များက သတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များနှင့် ၎င်းအဖွဲ့အစည်းများ၏ လက်ရှိ ဆောင်ရွက်နေမှုများကို ဆွေးနွေး တင်ပြကြသည်။
တွေ့ဆုံပွဲတွင် သတင်းမီဒီယာ လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့်  သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုမိုတိုးတက်ရေး၊ သတင်းရယူမှုနှင့် သတင်းဖော်ပြမှုဆိုင်ရာ ကိစ္စရပ်များ၊ သတင်းမီဒီယာ ဥပဒေနှင့် သတင်းစာဆရာများ၏ ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment