Thursday, June 22, 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဇွန် ၂၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ တမူးခရိုင် ခမ်းပါတ် မြို့တွင် မြန်မာ့စီးပွားရေးဘဏ်(ခွဲ) တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ရုံးချုပ်ဌာနကြီး(၆)ခု အပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ်ရုံး (၁၄)ခု၊ ခရိုင်/ကွပ်ကဲ ဘဏ်ခွဲ ၇၆ ခု၊ မြို့နယ်ဘဏ်ခွဲ ၂၁၅ ခု၊ ဘဏ်ငွေတိုက်ခွဲ ၁၈ ခု၊ ကိုယ်စားလှယ်ရုံးခွဲ ၆ ခု စုစုပေါင်းဘဏ်ခွဲ ၃၃၅ ခု ဖွင့်လှစ်၍ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုများ ပေးလျက် ရှိပါကြောင်း။
မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ၏ အဓိကကွာခြားချက်မှာ ပုဂ္ဂလိကဘဏ်များသည် ဘဏ်ခွဲမည်မျှပင် များပြားပါစေ နယ်စွန်နယ်ဖျား မြို့နယ်အသေးပါမကျန် ဖွင့်လှစ်နိုင်ခြင်း မဟုတ်ဘဲ စီးပွားရေး တွက်ခြေကိုက်မည့် နေရာတွင်သာ ရွေးချယ်ဖွင့်လှစ်ကြခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်သည် အစိုးရဌာန စာရင်းများရှိသဖြင့် နယ်စွန်နယ်ဖျား ပါမကျန် မြို့နယ်အသေးလေးများအထိ ကုန်ကျစရိတ်အရှုံးခံ၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။
ဘဏ်တစ်ခု ဖွင့်လှစ်နိုင်ရန် ဒေသ၏ စီးပွားရေး၊ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအပြင် လူအင်အား၊ မြေနေရာ၊ အဆောက်အဦ စသည်ဖြင့် အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး ဖွင့်လှစ်ရပါကြောင်း။
ခမ်းပါတ်မြို့သည် လူမှုရေး၊ စီးပွားရေး၊ ဒေသန္တရ အခြေအနေအရ ဘဏ်ခွဲဖွင့်လှစ်ရန် သင့်လျော်သော အနေအထားတွင် ရှိသော်လည်း လုံခြုံရေးအနေဖြင့် တပ်မတော် တပ်ရင်း တပ်ဖွဲ့ မရှိဘဲ ခမ်းပါတ်ရဲစခန်းနှင့် တပ်မတော် စစ်ကြောင်းရုံး တစ်ခုသာရှိခြင်း၊ လျှပ်စစ်မီး မရရှိခြင်း၊ ဆက်သွယ်ရေးအနေဖြင့် ကြိုးဖုန်း၊ အော်တိုတယ်လီဖုန်းများ မရရှိသေးခြင်း တို့ကြောင့် လောလောဆယ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်၏ တင်ပြချက်ကို အလေးထားပြီး မြို့၏ လူမှုစီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေး၊ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သင့်လျော်သောအချိန်တွင် ဘဏ်တိုက်ခွဲ သို့မဟုတ် ဘဏ်ခွဲဖွင့်လှစ်ရန် သုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်တွင် မြန်မာ့ စီးပွားရေးဘဏ်(ခွဲ) တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဆမီးမြို့သည် လုံခြုံရေး အနေအထားအရ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၏ အခြေစိုက်ခြင်းမရှိဘဲ ရဲစခန်းတစ်ခုသာ ရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးတွင် ဆိုင်ကယ်ဖြင့်သာ အဓိကသွားလာနိုင်ခြင်း၊ ဆက်သွယ်ရေးအနေဖြင့် ဖုန်းလိုင်းများ မရရှိခြင်းတို့ကြောင့် လောလောဆယ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း၊ ဆမီးမြို့၏ လူမှုစီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ ဒေသ၏တိုးတက်ဖွံ့ဖြိုးမှု အခြေအနေများအရ သင့်လျော်သော အချိန်တွင် ဘဏ်ခွဲ သို့မဟုတ် ဘဏ်ငွေတိုက်ခွဲ ဖွင့်လှစ်နိုင်ရေးအား သုံးသပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း(၁၃)၊ ပုဒ်မ ၆၂ တွင် ပါရှိသည့်အတိုင်း သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်/ တိုင်းဒေသကြီး တို့အတွင်း ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲရာတွင် အစိုးရအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ပင်ညှိနှိုင်း ဆွေးနွေးရန်အတွက် ထည့်သွင်းဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို အခြေခံ၍ လုပ်ငန်းအလိုက် အကောင်အထည်ဖော်သည့် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ ဆောင်ရွက် လိုသည့် လုပ်ငန်းများ၏ ကုန်ကျစရိတ် တွက်ချက်ခြင်းများ ပြုလုပ်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးများတွင် ထည့်သွင်းတင်ပြဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့ ပြုလုပ်ကာ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အသုံးပြုသောဌာနဖြစ်ပါက ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှတဆင့် ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်သို့ လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘဏ္ဍာရန်ပုံငွေ သုံးစွဲသော ဌာနများဖြစ်ပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် လွှတ်တော်များသို့လည်းကောင်း တင်ပြအတည်ပြုချက်ရယူပြီး အကောင် အထည်ဖော်လျက်ရှိပါကြောင်း။
နှစ်စဉ်ဒေသန္တရ စီမံကိန်းများရေးဆွဲရာ၌ မြို့နယ်အလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးညှိနှိုင်းခြင်း၊ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး များ ကျင်းပရာတွင် လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြား၍ အကြံဉာဏ်တောင်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းရေးဆွဲခြင်းနှင့် ကြီးကြပ်အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြပ်မတ်ခြင်းတို့မှ အစိုးရဋ္ဌာန အဆင့်ဆင့်က တာဝန်ယူ၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သောကြောင့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီများတွင် လွှတ်တော်ကိုယ်စားလှယ်များ ထည့်သွင်းခြင်းမပြုဘဲ၊ အစည်းအဝေး ကျင်းပချိန်၌သာ အထူးဖိတ်ကြားသူအနေဖြင့် ပါဝင်တက်ရောက်၍ အကြံဉာဏ်များပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း တို့ဖြင့် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲခြင်းလုပ်ငန်းစဉ်ကို ဖော်ဆောင်နိုင်ရန် စီစဉ်ထားပါကြောင်း။
ယခုလက်ရှိ ဖွဲ့စည်းထားရှိပြီးဖြစ်သော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီများအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူကို ဗဟိုပြု၍ ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ စီမံကိန်းကော်မတီ အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ အထူး ဖိတ်ကြား၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များ၊ ပူးပေါင်းကူညီမှုများ ရယူဆောင်ရွက်ရန် ညွှန်ကြားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ စောယှေားဖောင်အွာနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဒေါက်တာ ဦးကြွယ်ကြွယ် တို့၏ မေးခွန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် တာတမံ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းက တာတမံဥပဒေကြမ်းပါ တားမြစ်ချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ရန် ပြည်သူ့လွှတ်တော်၏ အဆိုပြုချက်အား အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေကျပ် နှစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ ပြင်ဆင်ရန် လိုအပ်ပါ ကြောင်း၊ ထိုသို့ ပြင်ဆင်ရခြင်းသည် ပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ကာကွယ်ပေး သည့် ဥပဒေများ ရေးဆွဲရသည့်အတွက် ပြည်သူများ ကြောက်လှန့်ရုံသာ ရည်ရွယ်ဆောင်ရွက် သင့်ပါကြောင်း၊ နစ်နာစေ ခြင်း၊ နာကျဉ်းစေခြင်း မဖြစ်ရန်လိုအပ်သည့်အတွက် ယခုကဲ့သို့ ပြင်ဆင်ရခြင်း ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေး ပြောကြားရာ လွှတ်တော်က ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ဇွန် ၂၃ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

သူရဇော်(သတင်းစဉ်)

No comments:

Post a Comment