Thursday, June 22, 2017

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်း ဆောင်ရွက်

နေပြည်တော်၊ ဇွန် ၂၂
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေခွင့် လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့ဇွန် (၂၂) ရက် နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်အမှာစကား ‌ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ရေး အတွက် နည်းဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းမှုနှင့် ခေတ်စနစ်နှင့်အညီ လွယ်ကူအဆင်ပြေစွာ လျှောက်ထားနိုင်ရေးအတွက် နည်းဥပဒေအား ပြင်ဆင်ဆောင်ရွက်ပေးမှု၊  မိမိနိုင်ငံ၏လိုအပ်ချက်အရ အမျိုးအစား(၄)မျိုးခွဲခြား၍ လျှောက်ထားခွင့်ပြုမှုနှင့် အမြဲနေထိုင်ခွင့် လျှောက်ထားမှုအခြေအနေ၊ စတင်လျှောက်ထားချိန်မှ ယခုအထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခဲ့မှုနှင့် ထပ်မံလျှောက်ထားသူများအား လူတွေ့မေးမြန်း အကဲဖြတ် ဆောင်ရွက်မည့်အခြေအနေများ၊ ကော်မတီဝင်များအနေဖြင့် လျှောက်ထားသူများအား လူတွေ့မေးမြန်း အကဲဖြတ်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွား မထိခိုက်စေရေးနှင့် လျှောက်ထားသူနိုင်ငံခြားသားများ အဆင်ပြေစေရေး၊ သတ်မှတ်ချက်များနှင့် နေထိုင်ခွင့်ပြုနိုင်ရေးအတွက် အလေးထား မေးမြန်းအကဲဖြတ်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။
ထို့နောက် လုပ်ငန်းတာဝန်ခံက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားမှု အခြေအနေနှင့် လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင်များ သည် လူတွေ့အကဲဖြတ်ခံရမည့် နိုင်ငံခြားသား အမြဲနေ ထိုင်ခွင့် လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊ ပြဋ္ဌာန်းထားသည့်နည်းဥပဒေများအပေါ် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အခြေအနေ များကို မေးမြန်းဆွေးနွေးကာ အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လုပ်ငန်းစတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီမှ ယခုအထိ လျှောက်ထားသူများအနက် (၂၆၂) ဦးအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုပေးပြီးဖြစ်သည်။ ယခုအခါ ထပ်မံ လျှောက်ထားသူများအနက် (၆၄) ဦးအား လူတွေ့မေးမြန်း အကဲဖြတ် အတည်ပြုဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment