Thursday, June 22, 2017

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဇွန်  ၂၂
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ မေးခွန်း(၃)ခုမေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခု အတည်ပြုခြင်း၊ ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အဆို(၁) ဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ ကျန်းမာရေးဓာတ်ခွဲစစ်ဆေးခန်းများ တရားဝင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိနှင့် မှတ်ပုံတင်ထားရန် လိုအပ်ချက်များနှင့် မည်သည့်ဌာနမှ မှတ်ပုံတင်လက်မှတ် ထုတ်ပေးပါ သနည်း၊ ဓာတ်ခွဲအဖြေများအပေါ် မည်ကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါသနည်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူရာ၌ စစ်ဆေးပြီးသော ဓာတ်ခွဲအဖြေများကို အတည်မယူဘဲ ထပ်မံစစ်ဆေးစေခြင်းများကို မည်သို့ဆောင်ရွက်ပေးနိုင်မည်နှင့် ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသော လူနာများ ပြင်ပဆေးခန်းများသို့ထွက်၍ MRI ရိုက် နေရသောကြောင့် ဆေးရုံကြီးများတွင် MRI စက်ကြီးများ workload နှင့်အညီ တိုးပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးဓာတ်ခွဲစစ်ဆေးခန်းများ တရားဝင်မှတ်ပုံတင်ရှိမှသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပါကြောင်း၊ တရားမ၀င်ဆောင်ရွက်နေကြောင်း သိရှိပါက ချက်ချင်း ပိတ်ပင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ပါကြောင်း။
ပုဂ္ဂလိက ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း အမျိုးအစား ၃ မျိုးရှိပါကြောင်း၊ အခြေခံဓာတ်ခွဲ၊ သာမန်ဓာတ်ခွဲနှင့် အထူးဓာတ်ခွဲတို့ ဖြစ်ပါကြောင်း၊ ယင်း ၃ ခု၏ အခြေခံလိုအပ်ချက်များကို ၂၀၁၇ ခုနှစ်အတွင်း အမိန့်ကြော်ငြာစာ သို့မဟုတ် ညွှန်ကြားချက် များ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီကစ၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ပုဂ္ဂလိကကျန်းမာရေး ဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ဓာတ်ခွဲခန်းများကို ကြီးကြပ်စစ်ဆေးပြီး လိုင်စင်များထုတ်ပေးသွား မည်ဖြစ်ပါကြောင်း၊ အထူးဓာတ်ခွဲခြင်းမှတ်ပုံတင်လက်မှတ်ကို နေပြည်တော်ပုဂ္ဂလိက ဗဟို ကျန်းမာရေးကြီးကြပ်မှုအဖွဲ့က ထုတ်ပေးပါကြောင်း၊ အခြေခံဓာတ်ခွဲခြင်းနှင့် သာမန်ဓာတ်ခွဲခြင်း မှတ်ပုံတင်လက်မှတ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပုဂ္ဂလိကကျန်းမာရေး ဆိုင်ရာ ကြီးကြပ်ရေးကော်မတီက ထုတ်ပေးမည်ဖြစ်ပါကြောင်း။
ဓာတ်ခွဲခန်းအရည်အသွေး ထိန်းချုပ်ခြင်း၊ စံကိုက်နှင့်ညီ၊ မညီ စစ်ဆေးခြင်းများကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကမှ ဓာတ်ခွဲစမ်းသပ်မှု အဖြေများအား မှန်၊ မမှန် ပြည်သူ့ဆေး ရုံဓာတ်ခွဲခန်းများ ပြန်လည်စစ်ဆေးမှုများရှိပါကြောင်း၊ သို့သော် အားလုံးကို မလွှမ်းခြုံနိုင်သေးပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူရာ၌ စစ်ဆေးပြီးသောဓာတ်ခွဲ အဖြေများကို အတည်မယူဘဲ ထပ်မံစစ်ဆေးစေခြင်းကိစ္စသည် တာဝန်ခံကုသပေးသော ဆရာဝန်အပေါ်၌ သာမူတည်ပြီး ၎င်းမှထပ်မံစစ်ဆေးပေးရန် တောင်းဆိုပါက ထပ်မံစစ်ဆေးပေးရပါကြောင်း၊ တစ်နိုင်ငံလုံးတွင် MRI စက် ၁၂ ခုရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးရုံများတွင် လိုအပ်သည့် ဆေး၊ MRI စက်အပါအ၀င် ဆေးရုံသုံး ပစ္စည်းများကို ဦးစားပေးနှစ်အလိုက် ၀ယ်ယူနေပါကြောင်း ဖြေကြားသည်။
ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးရွှေကို၏ ကျောက်ပန်းတောင်းမြို့နယ်ရှိ ခုတင် (၅၀) ဆံ့  ပြည်သူ့ဆေးရုံကြီးအား ခုတင်(၁၀၀)ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ခုတင် ၅၀ ဆံ့ဆေးရုံမှ ခုတင် ၁၀၀ ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်မည်ဆိုပါက ခုတင်အသုံးချမှုနှုန်းမှာ ခုတင် ၁၅၀ ရှိရမည်ဖြစ်ကြောင်း၊ ယင်းဆေးရုံသည် ခုတင်အသုံးချမှုနှုန်း ၁၅၀ မရှိသေးပါကြောင်း၊ မကြာခင် ခုတင် ၁၅၀ ပြည့်ရန် အလားအလာရှိပါကြောင်း၊ ကျောက်ပန်းတောင်းဆေးရုံအား ခုတင် ၅၀ ဆံ့ဆေးရုံမှ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် သို့ လောလောဆယ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားသည်။
ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ခွင့်ပြု (၀န်ထမ်း) အင်အား အပြည့်အ၀ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယိုးတရုတ် တိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန်တစ်ဦးရှိပါကြောင်း၊ အထက်တန်းသူနာပြု ခွင့်ပြု(၂)ဦး၊ ခန့်ထား (၂)ဦး၊ သူနာပြု ခွင့်ပြု(၄)ဦး၊ ခန့်ထား(၁)ဦး၊ လစ်လပ်(၃)ဦးရှိပါကြောင်း၊ သူနာပြုလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ပြီး လောလောဆယ် လက်ထောက်ဆရာဝန် တစ်ဦးအား ထပ်မံ ခန့်ထားပေးနိုင်ခြင်းမရှိပါကြောင်း၊
လာမည့်တစ်ပတ်အတွင်း သစ်လွင်ဆရာဝန် ၁၇၀၀ ခန့်အပ်ရန် လျှောက်လွှာခေါ်ယူမည်ဖြစ်ကြောင်း၊ အဆိုပါဆရာဝန်များ ရရှိလာပါက ရခိုင်ပြည်နယ်ကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ထို့နောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း တင်သွင်းထားသည့် လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များ (Universal Health Coverage) ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများအပါဝင် နိုင်ငံသား တိုင်းထိရောက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ အချိန်မီရရှိစေရေး၊ ယင်းကျန်းမာရေးဝန် ဆောင်မှုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်ရန်ပုံငွေများ လုံလောက်စွာရရှိနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်း ပါဝင်ဆောင်ရွက်သည့် အမျိုးသားကျန်းမာရေးအာမခံစနစ် (National Health Insurance System) တည်ထောင်ဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံ၊ ကြံခင်းမဲဆန္ဒနယ်မှ ဒေါက်တာ ဦးထွန်းလင်းမော်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ငါန်းဇွန်မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ အင်းတော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ ဟင်္သာတမဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမိုးမြင့်အောင်၊ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစောနိုင်တို့က ဆွေးနွေးကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက         အမျိုးသား ကျန်းမာရေးအာမခံစနစ်ကို အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်ပါ ကြောင်း၊ ယင်းစနစ်ကို စတင်ဆောင်ရွက်ရန် အစီအစဉ်များကို စဉ်းစားချမှတ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ အတည်ပြုခြင်း၊ မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ကျော်သူထက်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment