Thursday, June 22, 2017

စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၃/၂၀၁၇) ကြိမ်မြောက်အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်  ၂၂
ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆိုပြုတင်ပြလာသည့် ဝန်ထမ်းဖွဲ့စည်းပုံများ တိုးချဲ့ဖွဲ့စည်းနိုင်ရန် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးကို ဇွန် ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ကြီးမှူးကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ အဆိုပြုတင်ပြလာသည့် ဖွဲ့စည်းပုံများ တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထိုအစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ပြည်နယ်ရုံးများ/ တက္ကသိုလ်/ကောလိပ်နှင့် သင်တန်း ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ပညာရေးဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်(၅)ခုတို့၏ ပါမောက္ခ/ဌာနမှူးများ၏ လစာနှုန်း ထားမတူညီမှုကို တစ်ပြေးညီသတ်မှတ်ပေးခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၏ ဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကြီးကြပ်မှု အောက်တွင် အဆောက်အဦ ဦးစီးဌာန ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ လမ်းဦးစီးဌာနတွင် မြို့ရုံး(၂)ရုံးနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(၁)ခု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက်တွင် ဟိုတယ်နှင့်ခရီးသွား ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (၁) ခု အသစ်ထပ်မံ ဖွဲ့စည်းခြင်းများကို ခွင့်ပြုခဲ့သည်။
ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ဝန်ကြီးရုံးဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ကုသရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံအား သွားနှင့်ခံတွင်းရောဂါ အထူးကုဆေးရုံအဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များ/ကျေးရွာများတွင် ဆေးရုံအဆင့်မြှင့်တင်ခြင်းများနှင့် ဗဟိုဆေးသိုလှောင်ရေးဌာနခွဲ(၁)ခုကို အသစ်ဖွင့်လှစ်ခြင်းတို့ကို ခွင့်ပြုခဲ့ပါသဖြင့် နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးမူဝါဒနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်ပြည့် ဆောင်ရွက်ပေးနိုင်စေရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး အနီးကပ်စောင့်ရှောက်မှု များ ပြည့်ဝစွာရရှိခံစားနိုင်စေရန်၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ကျေးလက်လမ်းများ တိုးတက်ကောင်းမွန် လာစေရန်၊ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ အတွေးခေါ်အသိအမြင်၊ ဗဟုသုတများ ပိုမိုကျယ်ပြန့်လာစေရန်၊ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ ပြည်ထောင်စုစိတ်ဓါတ် ထက်သန်ခိုင်မာလာစေရန်နှင့် နယ်စပ်ဒေသများတွင် လူသားအရင်းအမြစ်များ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment