Thursday, June 22, 2017

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တတိယအကြိမ် အာရှ - ပစိဖိတ် ရေညီလာခံကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၂၂
တတိယအကြိမ် အာရှ - ပစိဖိတ် ရေညီလာခံကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက တတိယအကြိမ် အာရှ - ပစိဖိတ် ရေညီလာခံအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၇) တွင် ဆွေးနွေး သဘောတူညီခဲ့ပါကြောင်း၊ ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှု တစ်ခုဖြစ်သည့် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့က တာဝန်ယူ၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပသွားမည် ဖြစ်ပါကြောင်း။
တတိယအကြိမ် အာရှ- ပစိဖိတ် ရေညီလာခံကျင်းပရေး အတွက်သာမက အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီက ကြီးမှူးဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့်ရေမူဝါဒနှင့် ဆက်နွယ်သည့် လုပ်ငန်းများနှင့် မိုးရေခံလှုပ်ရှားမှု ဆက်လက်ဆောင်ရွက်ရေး၊ ရေကြီးရေလျှံမှု လျော့ပါးသက်သာရေး၊ ရေထုညစ်ညမ်းမှု ထိန်းချုပ်ရေးတို့နှင့်ဆက်နွယ်သည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း ပံ့ပိုးကူညီဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့အဆင့် ရေညီလာခံတစ်ခုကို မြန်မာနိုင်ငံအတွင်း ကျင်းပခွင့်ရရှိသည့်အတွက် နိုင်ငံ၏ပုံရိပ်နှင့် ဂုဏ်သိက္ခာ မြင့်မားစေခြင်း၊ နိုင်ငံအတွက်အရေးကြီးသည့် ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါး သက်သာစေရေးကို ကမ္ဘာ့ရေပညာရှင်များထံမှ လေ့လာခွင့်ရရှိနိုင်ခြင်း၊ ရေနှင့်ဆက်စပ်သော သဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲရေးတွင် နည်းပညာနှင့် အကြံဉာဏ်များ ရရှိနိုင်ခြင်း၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုတွင် နည်းစနစ်အသစ်များနှင့် အတွေးအခေါ်များ ရရှိနိုင်ခြင်း၊ ဒေသတွင်း ရေဖူလုံစေရေးအတွက် ဝိုင်းဝန်းအဖြေရှာခြင်းဖြင့် မိမိတို့နိုင်ငံအတွက် များစွာ အကျိုးရှိနိုင်ပါကြောင်း၊ ညီလာခံအောင်မြင်စွာကျင်းပနိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဝိုင်းဝန်းပံ့ပိုးကူညီ ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီအတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက အာရှ - ပစိဖိတ် ရေညီလာခံကျင်းပရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပထမအကြိမ် ပူးတွဲညှိနှိုင်းကော်မတီအစည်းအဝေးတွင် မြန်မာဘက်မှဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက တတိယအကြိမ် အာရှ - ပစိဖိတ် ရေညီလာခံ ကျင်းပရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
အာရှ-ပစိဖိတ် ရေညီလာခံကို ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များမှ အနာဂတ်ရေဖူလုံစေရေး စိန်ခေါ်မှုများကို ဆွေးနွေး အဖြေရှာရန်၊ အာရှ- ပစိဖိတ် ဒေသအတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် အိမ်ရှင်နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးကို ဝိုင်းဝန်းကူညီကြရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၀၇ ခုနှစ်စတင်၍ ၆ နှစ်လျှင်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို ၂၀၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌လည်းကောင်း ကျင်းပခဲ့သည်။
ယခု တတိယအကြိမ် အာရှ - ပစိဖိတ် ရေညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ ကျင်းပသွားမည် ဖြစ်သည်။
ညီလာခံ လက်ခံကျင်းပခြင်းအားဖြင့် နိုင်ငံအတွင်း ကြုံတွေ့ရလျှက်ရှိသည့် ရေကြီးခြင်း၊ မိုးခေါင် ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်း၊ သဲနှုန်းပို့ချခြင်းစသည့် ပြဿနာများကို ကမ္ဘာကသိစေပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများရရှိနိုင်ခြင်း၊ ကမ္ဘာ့အဆင့် ရေပညာရှင်များနှင့်အတူ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ လိုက်ပါတက်ရောက်မည်ဖြစ်သဖြင့် နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် အနာဂတ်ရေဖူလုံမှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု များကို နိုင်ငံခေါင်းဆောင်များနှင့် ဘဏ္ဍာရေးဝန်ကြီးများဦးဆောင်မှုဖြင့် ဒေသတွင်း အစိုးရများနှင့် လူထုအဖွဲ့အစည်းများမှ အခိုင်အမာ အထောက်အကူပြုနိုင်ခြင်းနှင့် ၂၀၁၈ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် World Water Forum အတွက် အာရှ- ပစိဖိတ်ဒေသ၏ ရေဆိုင်ရာစိန်ခေါ်မှုများနှင့် ဝိုင်းဝန်းအဖြေရှာမှုများကို အာရှ-ပစိဖိတ် ကိုယ်စားပြု တင်ပြခြင်းဖြင့် ရေစီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် နိုင်ငံတော်၏ပုံရိပ်နှင့် စွမ်းဆောင်ရည်မြင့်မားနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း သိရသည်။

Ref; Myanmar President Office

No comments:

Post a Comment