ကနီ ဇွန်
၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ယာကြီးကျေးရွာ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ်
အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကို ဇွန် ၂၄ ရက်နေ့က အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့ကြောင်း
သိရသည်။
ရှေးဦးစွာ
ယာကြီးအခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊
ယင်းမာပင်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဌေးဝင်းနှင့် မြို့နယ်စီမံခန့်ခွဲမှု
ကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းတိုးတို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်
ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် အခမ်းအနား စတင်ဖွင့်လှစ်ပြီး
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ယင်းမာပင်ခရိုင် ပညာရေးမှူးရုံးမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးဝင်းနှင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းတိုးတို့က
အဖွင့်အမှာစကား ပြောကြားပြီး ယာကြီးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက
ယာကြီးကျောင်း၏ သမိုင်းအကျဉ်းအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် ဦးသိန်းကျော်နှင့်
ဇနီးဒေါ်ဆယ်တို့က ယာကြီးအခြေခံပညာ အထက်တန်းကျောင်း ငွေပဒေသာပင်အတွက် အလှူငွေ တစ်သိန်း
လှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။
မိမိတို့
ယာကြီးကျေးရွာသည် ကနီမြို့နှင့် ၁၆ မိုင်ကွာဝေးသဖြင့် မိမိတို့ သားသမီးများ ပညာရေး
သင်ကြားခွင့်က အလွန် ခက်ခဲရပါကြောင်း။ ယခုအခါ မိမိတို့ကျေးရွာတွင် သားသမီးတွေကို ဆယ်တန်းအထိ
ပညာသင်ကြားရမည် ဖြစ်သည့်အတွက် များစွာဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ယခုလို ရွာတွင် ပညာသင်ကြားခွင့်ရသည့်အတွက်
မိဘများက သားသမီးကို စိတ်မချဖြစ်ရသည်မှ ကင်းဝေးပြီး မိမိတို့နှင့် အိုးမကွာ အိမ်မကွာ
ပညာသင်ကြားခွင့် ရရှိပြီဖြစ်ကြောင်း ကျေးရွာမိဘပြည်သူများ ကိုယ်စား ကျေးရွာ ရပ်မိရပ်ဖ
ဦးမြတ်မိုးက ကျေးဇူးတင်ဝမ်းသာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)
No comments:
Post a Comment