Tuesday, June 20, 2017

ဥတ္တရသီရိမြို့နယ်တွင် ရေကြီး/ရေလျှံမှု အန္တရာယ်နှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်



နေပြည်တော် ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် လဲဝန်းကျေးရွာတွင် မိုးတွင်းကာလ၌ ယမန်နှစ်က ချောင်းများမှ ရေကြီးရေလျှံမှု ဖြစ်ပွားတတ်သဖြင့် ယခုနှစ်တွင် ဖြစ်ပွားလာပါက ကျေးရွာနေပြည်သူများ အရေးပေါ် ဆောင်ရွက်ရမည့် လုပ်ဆောင်မှုများကို သိရှိစေရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ဇွန်လ ၂၀ ရက်နေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဌေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ နေပြည်တော်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီချို၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း၍ ရေကြီးရေလျှံမှု ဖြစ်ပွားပါက  လူ၊ တိရစ္ဆာန်များ ဆုံးရှုံးမှု မရှိစေရေး၊ ပစ္စည်းများ ဆုံးရှုံးမှု မရှိစေရေး၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းအဆင့်ဆင့်လုပ်ဆောင်ပုံ၊ အရေးပေါ်ကျန်းမာရေး ကူညီစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပုံ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များအား ဘေးအန္တရာယ် ကင်းရှင်းသည့် နေရာများသို့ ပို့ဆောင်ပေးပုံ စသည့် လုပ်ဆောင်ရမည့် လုပ်ငန်းများကို လက်တွေ့ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နေပြည်တော် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား သဘာဝဘေး အန္တရာယ် ကျရောက်ပါက ဆောင်ရွက်ရန်နည်းလမ်းများ၊ ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများ၊ သဘာဝဘေးဖြစ်ပွားပါက လိုက်နာရန် အချက်များ၊ ဖြစ်ပေါ်နေချိန်တွင် ရှောင်းရှားသင့်သည့်အချက်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ကျေးလက်နေပြည်သူများအား သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင် (ပြန်/ဆက်)

No comments:

Post a Comment