Sunday, June 11, 2017

(၁၂)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ချီးမြှင့်ပွဲ ကျင်းပ



ရန်ကုန် - ဇွန်၁၀
သတင်း- ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ- ဇော်မင်းလတ်
``စာအုပ်စာပေ ထုတ်ဝေရေး လုပ်ငန်းရှင်များ အနေဖြင့် အချိန်အခါတစ်ခု ရောက်သည်နှင့် မိမိတို့၏ အမည်နာမများဖြင့် စာပေဆုချီးမြှင့်ခြင်းသည် ကောင်းသော အစဉ်အလာတစ်ခု ဖြစ်ကြောင်း´´ ယနေ့ နံနက် ၉နာရီခွဲက ရန်ကုန်မြို့ရှိ ချတ်ထရီယံ ဟိုတယ်၌ ကျင်းပသည့် (၁၂)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားရာတွင် ``ယနေ့သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲတွင် သုတစာပေ၏ တန်ဖိုးကို သတိရမိကြောင်း၊ စာပေအလှူရှင် စွယ်စုံမီဒီယာဂရု(ပ်) မိသားစုအနေဖြင့် မင်္ဂလာရှိသလို မြန်မာစာပေ အဝန်းအဝိုင်း အတွက်လည်း မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ကြောင်း၊ မိမိတို့ မြန်မာစာပေနယ် အတွက်လည်း ကောင်းသော လက္ခဏာ ဖြစ်ကြောင်း၊ အလားတူ ယခုလို ဆုချီးမြှင့်မှုကို ဆောင်ရွက်မည် ဆိုလျှင် ကိုယ်တိုင် ဂုဏ်ယူစရာ ဖြစ်သလို မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း အထောက်အကူ ပြုလိမ့်မည်ဟု မြင်ပါကြောင်း၊ ယနေ့ ဆုရရှိသူများသည် နောက်ထပ် ဆက်လက် ပိုမိုကောင်းမွန် ပြောင်မြောက်သည့်  စာပေများကို ဖန်တီးနိုင်ရန် အထောက်အပံ့ ဖြစ်ပါစေဟု ဆုတောင်းပါကြောင်း´´ ပြောကြားသည်။
သုတစွယ်စုံစာပေဆု အလှူရှင်၊ ဆုရွေးချယ်ရေး အဖွဲ့ဝင်နှင့် စွယ်စုံမီဒီယာဂရု(ပ်) ဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦးက ဆုချီးမြှင့်ရခြင်း အကြောင်း၊ ဆုရွေးချယ်ပုံ အဆင့်ဆင့်နှင့် ဆုရွေးချယ်ရေးအဖွဲ့၏ အကဲဖြတ် သုံးသပ်ချက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သုတစွယ်စုံ တစ်သက်တာ စာပေဆုရ စည်သူဒေါက်တာသော်ကောင်း (ဦးသော်ကောင်း)နှင့် သုတစွယ်စုံ စာပေဆု (နိုင်ငံတကာရေးရာ) ဘာသာရပ်တွင် “ခေတ်သစ်အရှေ့တောင်အာရှ” စာအုပ်ဖြင့် ဆုရရှိသူ ဦးသိန်းလှိုင်တို့ကိုဆုများချီးမြှင့်သည်။
ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ စွယ်စုံမီဒီယာဂရု(ပ်) ဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦးနှင့် စွယ်စုံ မီဒီယာဂရု(ပ်) မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ ခင်မိုးမိုးတို့က သုတစွယ်စုံ စာပေဆု (ရည်ညွှန်းစာပေ) ဘာသာရပ်တွင်“မြန်မာအမျိုးသမီး စာရေးဆရာများ၏ စာပေရုပ်ပုံလွှာ”   စာအုပ်ဖြင့် ဆုရရှိသူ မောင်ခေတ်ထွန်း၊ သုတစွယ်စုံစာပေဆု (ဘာသာပြန် စာပေ) ဘာသာရပ်တွင် “သမိုင်းနှင့် လမ်းလျှောက်ခြင်း” စာအုပ်ဖြင့် ဆုရရှိသူ သန်းစိုးနိုင်၊ သုတစွယ်စုံ စာပေဆု (၀ိဇ္ဇာ) ဘာသာရပ်တွင် “မြန်မာစာ၊ မြန်မာမှု ကောင်းကွက် လှကွက်များ (စာပေသုတေသန၊ စာပေအတွေး၊ စာပေအရေး) စာအုပ်ဖြင့် ဆုရရှိသူ မောင်ရဲလူနှင့် သုတစွယ်စုံစာပေဆု (အသုံးချသိပ္ပံ) ဘာသာရပ်တွင် “အန္တရာယ် မကင်းတဲ့အချစ် (ကလေးတို့ ကျန်းမာရေး သိမှတ်ဖွယ်ရာများ)” စာအုပ်ဖြင့် ဆုရရှိသူ ဒေါက်တာ ယုဇနစောမြင့် (ကလေးအထူးကု ဆရာဝန်ကြီး) တို့အားဆုများ ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် စွယ်စုံမီဒီယာဂရု(ပ်) ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာတို့က လူမှုအဖွဲ့အစည်းများနှင့် စာကြည့်တိုက်များသို့ အလှူငွေများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လည်းကောင်း၊ သုတစွယ်စုံစာပေဆု ရွေးချယ်ရေးအဖွဲ့အား မေတ္တာ လက်ဆောင် ပေးအပ်ရာ ဆုရွေးချယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ခ (တက္ကသိုလ်တင်ခ) က လည်းကောင်း လက်ခံ ရယူကြသည်။
ထို့နောက် ဆုရရှိသူများ ကိုယ်စား မောင်ခေတ်ထွန်းနှင့် ဒေါက်တာ ယုဇနစောမြင့် တို့က ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးသည် စာပေအလှူရှင်၊ ဆုရွေးချယ်ရေးအဖွဲ့၊ ဆုရရှိသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
သုတစွယ်စုံ စာအုပ်တိုက်ကို ၁၉၈၂ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ပညာပေး စာအုပ်များကို ထုတ်ဝေခဲ့သည်။ စာအုပ်တိုက် အနေဖြင့်  ရည်ရွယ်ချက် သုံးရပ်နှင့်အညီ သုတစွယ်စုံ စာပေဆုများကို ၂၀၀၄ ခုနှစ်က စတင်၍ နှစ်စဉ် ချီးမြှင့်ခဲ့ရာ ယခုဆိုလျှင် ၁၂ ကြိမ်မြောက် ဖြစ်သည်။
သုတစွယ်စုံ စာပေဆု ချီးမြှင့်ရာတွင် တစ်သက်တာ စာပေဆုအတွက် ငွေကျပ်သိန်း ၂၀၊ ဘာသာရပ် စာအုပ်ဆုအတွက် တစ်ဆုလျှင် ငွေကျပ် ၁၀ သိန်း ချီးမြှင့်ကြောင်းနှင့် သုတစွယ်စုံ စာအုပ်တိုက်သည် နိုင်ငံတော်၏  မြန်မာစာပေ ဖွံ့ဖြိုးရေးနှင့် စာပေလောက တိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်သောအားဖြင့် သုတစွယ်စုံ စာပေဆုများကို နှစ်စဉ်မပျက် ချီးမြှင့်ခဲ့ရာ ယခု (၁၂)ကြိမ် မြောက်အထိ စုစုပေါင်း ၉၂ ဆု ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment