Saturday, June 24, 2017

ကျေးလက် ကျန်းမာရေးဌာနများ အဆင့်တိုးမြှင့်ပေးမည်



နေပြည်တော် ဇွန် ၂၃
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့နံနက်(၁ဝ)နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ မင်းတပ် မြို့နယ် ဝမ္မသူး ကျေးရွာ တိုက်နယ်ဆေးရုံတွင် အရပ်ဘက် ဆရာဝန်တစ်ဦး၊ ဓာတ်မှန်၊ ဓာတ်ခွဲခန်း ကျွမ်းကျင် ဝန်ထမ်းများ ခန့်ထားပေးရန်နှင့် နိုင်ငံတော် ဘတ်ဂျက်မှ ဆေးဝါးများ ဝယ်ယူရန်နှင့် အသေးသုံးငွေ မည်မျှခွဲဝေပေးသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မင်းတပ်မြို့နယ် ဝမ္မသူးတိုက် နယ်ဆေးရုံတွင်  အရပ်ဘက်ဆရာဝန်အဖြစ် ဒေါက်တာ သက်နော်စိုးအား အလှည့်ကျ တာဝန်ချ ထားပါကြောင်း။
 လက်ထောက် ဆရာဝန် ခန့်ထားရာတွင် ချင်းပြည်နယ်၏ မြေမျက်နှာသွင်ပြင် အနေအထား အရ တိုက်နယ်ဆေးရုံ၏ တည်နေရာများပေါ် မူတည်၍ လည်းကောင်း၊ ကွဲပြားခြားနားသော ဘာသာစကားများကို ဆက်သွယ် ဆောင်ရွက်နိုင်ရန် ပြည်နယ်မှ အဆိုပြုသည့် ဘာသာစကား ပေါက်ရောက်သည့် ဒေသခံဆရာဝန်များကို ဦးစားပေး၍ လည်းကောင်း၊ ဒေသနှင့် သင့်တော်မည့် အမျိုးသားဆရာဝန် သို့မဟုတ် အမျိုးသမီးများအား စီစဉ်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း။
ထို့ပြင် ဝမ္မသူး တိုက်နယ်ဆေးရုံ၌ ဆေးဘက် ကျွမ်းကျင်(၄) (ဓာတ်မှန်) ခွင့်ပြု တစ်ဦး၊ လစ်လပ် တစ်ဦး ဖြစ်ပြီး ဆေးဘက် ကျွမ်းကျင်(၄) (ဓာတ်မှန်) ရာထူးနေရာအတွက် ဆေးဘက် ကျွမ်းကျင်(၄) (ဓာတ်မှန်) သစ်လွင် တစ်ဦးအား ၆ လ သင်တန်းပြီးဆုံးပါက ပြည်နယ်ကုသရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် မကြာမီ ခန့်ထားပေးမည် ဖြစ်ပါကြောင်း။
ဝမ္မသူးတိုက်နယ်ဆေးရုံအတွက် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ် ခွင့်ပြု ရန်ပုံငွေကျပ် ၉ ဒသမ ၆၄ သန်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် အတွက် သာမန် အသုံးစရိတ် ခွင့်ပြု ရန်ပုံငွေကျပ် ၁၄ ဒသမ ၅၉၂ သန်း ခွဲဝေပေးပြီး ဖြစ်ပါကြောင်း၊ တိုက်နယ် ဆေးရုံများ အနေဖြင့် မိမိတို့ လိုအပ်ချက်များကို ခရိုင်ကုသရေး ဦးစီးဌာနမှူးမှ လစဉ်တင်ပြတောင်းခံ၍ လိုအပ်ချက် အပေါ် ခွဲဝေထုတ်ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁ဝ)မှ ဦးလားလ်မင်းထန်၏ မတူပီမြို့နယ် မဒူကျေးရွာ ကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မဒူကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနရှိပြီး ကျန်းမာရေးမှူး၊ ကျန်းမာရေး ဆရာမ၊ သားဖွားဆရာမများနှင့် ကျန်းမာရေး ကြီးကြပ်(၂)များဖြင့် အင်အားပြည့်နီးပါး လူဦးရေ ၅၉ဝ၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း။
၂ဝ၁၇ ခုနှစ်အတွင်း လက်ထောက်ဆရာဝန် အသစ်များ ခန့်ထားပြီးပါက ပြည်နယ်ကုသရေး ဦးစီးဌာန၏ အထူးအစီအစဉ်ဖြင့် လုပ်သက်ရပြီး လက်ထောက်ဆရာဝန် တစ်ဦးကို အလှည့်ကျ တာဝန်ထမ်းဆောင်ရန် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နယ်နိမိတ်ချင်း ထိစပ်နေ သော မြို့နယ်များရှိ ခက်ခဲ ကျေးရွာများကိုပါ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံနိုင်ရန် အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုက်နယ်ဆေးရုံ ဖွဲ့စည်းပုံရရှိရေးအား ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆေးရုံ ဆောက်လုပ်ရန် အတွက် ဘဏ္ဍာငွေလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၏ ပလက်ဝမြို့နယ် အတွင်းရှိ ကျေးလက် ကျန်းမာရေးဌာန(ခွဲ) ရှိသော ကျေးရွာအုပ်စုများအား ကျေးလက် ကျန်းမာရေး ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ကျေးလက် ကျန်းမာရေး ဌာန(ခွဲ) မရှိသော ကျေးရွာအုပ်စုများအား ဌာန(ခွဲ) သို့မဟုတ် ကျေးလက်ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် ကျန်းမာရေးဝန်ထမ်း အင်အား အပြည့်အဝ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပလက်ဝမြို့နယ်ရှိ ကျေးလက် ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု ပိုမို ဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျေးလက် ကျန်းမာရေး ဌာနခွဲများ ဖြစ်သည့် ပထိန်တလန်၊ နှမဒါ၊ တွီးကင်းဝ၊ တိုင်ဝ၊ ဗုဒ္ဓဂါမနှင့် အာကီကုန်း တို့အား ကျေးလက် ကျန်းမာရေးဌာနများ အဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် ပြည်နယ် လွှတ်တော်သို့ စိစစ် တင်ပြထားပါကြောင်း။
ထိုသို့ တိုးချဲ့ဖွင့်လှစ်ခွင့်ရရှိပါက စုစုပေါင်း ကျေးလက် ကျန်းမာရေးဌာန ၁၅ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၆ဝ ဖြင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၉၆ အုပ်စုအား ကျန်းမာရေးစောင့်ရှောက်မှု ၇၈ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်မည်ဖြစ်ပြီး ကျန်ရှိသော ကျေးရွာအုပ်စု ၂၁ အုပ်စုကို နီးစပ်ရာ ကျန်းမာရေးဌာနများမှ ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဖော်ပြပါ ကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာငွေ ရရှိရေးအတွက် ဦးစားပေး အစီအစဉ်ဖြင့် ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးစိုင်းပန်ဖနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁ဝ)မှ ဒေါက်တာ ကျော်ငွေတို့၏ မေးခွန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၏ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ် အရေးယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၈ ဦးက ထောက်ခံအကြံပြု ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂ဝ ရက်မြောက်နေ့ကို ဇွန် ၂၆ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်၊ မီမီဖြိုး (သတင်းစဉ်)

No comments:

Post a Comment