Saturday, June 3, 2017

တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးဘော်လီဘောအဖွဲ့ အား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၃
"တရားသဖြင့်ယှဉ်ပြိုင်၊ နိုင်အောင်ကြိုးပမ်း" " ယှဉ်ပြိုင်လျှင် နိုင်ရမည် " ဆိုသော ဆောင်ပုဒ်နှင့်အညီ ၂၀၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညနေ ၁၅း၀၀ နာရီ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမကျင်းပသည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသည် ဘော်လီဘောကစားနည်းမှာ မြန်မာ့လက်ရွေးစင် အားကစားတွေ မွေးထုတ်ပေးနိုင်သော အစဉ်အလာ ရှိသော တိုင်းတစ်ခုဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အမျိုးသားအားကစားပွဲတော် ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသမီးအသင်းအနေနှင့် ဒုတိယရရှိတာ တွေ့ရှိရပြီး ဒီနှစ်မှာကျင်းပပြုလုပ်သော အသက် (၂၅) နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘော်လီဘောပြိုင်ပွဲမှာ အမျိုးသမီးအသင်းအနေနှင့် ပထမတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး အမျိုးသမီး ဘော်လီဘောအဖွဲ့အနေနှင့် တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းတွေဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီး အမျိုးသမီးဘော်လီဘော အားကစားအဖွဲ့၊ အုပ်ချုပ်သူ ဒေါ်ရွှေရတုက ပြိုင်ပွဲအတွေ့အကြုံအား ရှင်းလင်းတင်ပြပြီး ရရှိလာသော တံခွန်စိုက်ဆုဖလားအား အမျိုးသမီးဘော်လီဘောအဖွဲ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ အပ်နှံသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က တိုင်းဒေသကြီး အမျိုးသမီးဘော်လီဘောအဖွဲ့အား ဆုငွေ ကျပ် (၃၀) သိန်း ချီးမြှင့်ပြီး အကောင်းဆုံး ဆယ်မဆု ၊ ပင့်ထောင်ဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားဆု ရရှိသော အားကစားသမားများ အား ဆုငွေကျပ် (၁) သိန်းစီ ဆုချီးမြှင့်ကာ တက်ရောက်လာသော တိုင်းဒေသကြီး အမျိုးသမီး ဘော်လီဘောအဖွဲ့ အား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
           

(တနင်္သာရီတိုင်းဒေသကြီးပြန်/ဆက်)

No comments:

Post a Comment