Saturday, June 3, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ ကုန်သည် လုပ်ငန်းရှင်များအား တွေ့ဆုံ

နေပြည်တော် ဇွန် ၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇွန် ၂ ရက် နံနက် (၁၀) နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာန ဆိုင်ရာများအား တွေ့ဆုံကာ နိုင်ငံတော်တိုးတက်မှု ဖြစ်ပေါ်စေရန် ပြောင်းလဲမှုများအား ရှင်းလင်းပြောကြားပြီး နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်နှင့် မိမိတို့ တာဝန်ထမ်းဆောင်သည့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထား ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒ လမ်းစဉ် အောက်မြင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ ပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စု ဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးသည် အဓိကရေထွက်ကုန်နှင့် ရော်ဘာ၊ ဆီအုန်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်သည့် စီးပွားရေး အခြေခံကောင်းများရှိသည့် ဒေသဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီမံကိန်းဖြစ်သည့် အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်အတူ ဟန်ချက်ညီညီ ဆောင်ရွက်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာမည့် တိုင်းဒေသကြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ အဓိကထွက်ကုန်သည် နိုင်ငံတကာ ဈေးကွက်ဝင် ပို့ကုန်များဖြစ်၍ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပပို့ကုန် ပိုမိုတင်ပို့နိုင်မှုတို့ကို များစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊ မိမိတို့လာရောက်ခြင်းမှာ ပြည်ပ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အထောက်အကူပြုနိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ပေးမှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒေသခံကုန်သည် လုပ်ငန်းရှင်များ၏ တင်ပြချက်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြား ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားသည်။
ထို့နောက် မြိတ်မြို့ရှိ SEA VIEW CONDO ကုမ္ပဏီ၏ အိမ်ယာတည်ဆောက်ရေးစီမံကိန်း၊ အဝေးပြေး ယာဉ်ရပ်နားဝင်း တည်ဆောက်ရေး စီမံကိန်း၊ "ဖိုးလမင်း" ရော်ဘာ ကွန်ပေါင်းစက်ရုံတို့အား သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment