Wednesday, June 28, 2017

သထုံ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

သထုံ       ဇွန်       ၂၈
မွန်ပြည်နယ်၊ သထုံခရိုင် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ဇွန်လ ၂၈ ရက်၊ နံနက်က သထုံမြို့ရှိ ကျောင်းများနှင့် မြို့ပေါ် ရပ်ကွက်များ၌ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လိုက်လံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ဒီရောဂါက နောက်လတွေမှာလည်း ဆက်လက်ဖြစ်ပွားနိုင်တယ်။ ကလေးတွေ ချောင်းဆိုးတာတွေ ဖျားနာတာတွေ ပိုပြီး သတိထားရမယ်။ ဒီလိုကာကွယ်ရေးလုပ်ငန်းတွေက ကျန်းမာရေးဌာန တစ်ခုတည်းနဲ့ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေ အားလုံး ပါဝင်မှ အောင်မြင်မှာပါ” ဟု သထုံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစိုးအောင်၏ ပြောကြားချက်အရ သိရသည်။
ပြည်သူလူထုအများစုမှာ သွေးလွန်တုပ်ကွေးတုပ်ရောဂါဖြစ်ပွားကူးစက်ပုံ၊ ရောဂါလက္ခဏာများနှင့် ကာကွယ် နှိမ်နင်းရေး နည်းလမ်းများကို သိကြသော်လည်း လိုက်နာဆောင်ရွက်မှု အားနည်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
သထုံမြို့နယ်တွင် ယခင်နှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ နှစ်ဦးသာရှိခဲ့ပြီး ယခုနှစ်တွင် ဇန်နဝါရီလမှ လက်ရှိ အချိန်အထိ သေဆုံးသူ မရှိသော်လည်း ဖြစ်ပွားသူ ၂၇ ဦး ရှိပြီဖြစ်ရာ ရောဂါဖြစ်ပွားမှုနှုန်း မြင့်လာကြောင်း သိရသည်။
“လက်ရှိကာလက မိုးရာသီလည်းဖြစ်နေတယ်။ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ခြင်ပေါက်ဖွားတာက ပတ်ဝန်းကျင်သန့်ရှင်းမှု အပိုင်းနဲ့လည်း ဆိုင်တယ်။ ကျန်းမာရေးဌာနက ဒီလုပ်ငန်းကို ပညာပေး အနေနဲ့ဘဲ လုပ်နိုင်မယ်။ ကျန်တာကတော့ ကိုယ့်မိသားစုအတွက် ကိုယ်တိုင်ဘဲ လုပ်ရမှာ။ အားလုံးက အဲ့ဒီလိုပူးပေါင်းပါဝင်ရင် လက်ရှိဖြစ်နေတာထက် လျော့ကျ နိုင်မယ် လို့ ထင်တယ်” ဟု အထက(၂) ကျောင်းမှ ဆရာမတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါနေ့တွင် သထုံခရိုင် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ အမျိုးသမီးရေးရာ အဖွဲ့ဝင်များတို့နှင့်အတူ သထုံမြို့ရှိ အထက(၂)ကျောင်း၊ အထက(၄) ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတို့၌ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် ရေတွင်းရေကန်များအား အဘိတ် (abate) ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်နှင့် ကာကွယ် နှိမ်နင်းရေး အသိပညာပေး ဟောပြောခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံးသွန်လဲစစ် လုပ်ငန်းများကို သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူများနှင့် ပူးပေါင်းကာ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သထုံခရိုင် ကျန်မာရေး ဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)

No comments:

Post a Comment