Wednesday, June 28, 2017

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းရည်မှန်းချက်အောင်မြင်ရေး မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ ကျင်းပ

မော်လိုက်     ဇွန်      ၂၈
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် USAID ၏ အထောက်အပံ့ဖြင့် ပူးပေါင်းဆောင်ရွက်သော တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲကို ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မော်လိုက်ခရိုင် ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် မော်လိုက်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ရဲသွေးက အဖွင့်အမှာစကား ပြောကြားရာတွင် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်ရန်အတွက် ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူလူထုများ၏ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းအနေနဲ့လည်း ကျေးရွာနှင့် ရပ်ကွက်များမှ စေတနာ့ဝန်ထမ်းများ ရွေးချယ်ပြီး သင်တန်းများ ပေးကာ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်ပြီး၊ လုပ်ငန်းစဉ်များတွင် ပြည်သူများ ပါဝင်လာအောင် စည်းရုံးခြင်းဖြင့် ပြည်သူလူထုနှင့် လက်တွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ အခုဆို တီဘီရောဂါ ရှိ/မရှိ သိရှိနိုင်ရုံသာမက ဆေးယဉ်ပါးသော တီဘီအမျိုးအစား ဟုတ်/မဟုတ်ကိုပါ ဖော်ထုတ်နိုင်သည့်  စက်များဖြင့် သလိပ် နမူနာများကို စစ်ဆေးမှု ပေးနိုင်ပြီးဖြစ်ကြောင်း၊ ပြည်သူလူထုထဲတွင် တီဘီရောဂါနှင့် ပတ်သက်ပြီး လွဲမှားနေသည့် အယူအဆတွေ၊ အယူသည်းမှု  ရှိနေကြဆဲဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အသိပေးဆွေးနွေးပွဲများ၊ ပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခြင်းတို့ကို များများလုပ်ရန် လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထောင်စုနှစ်ရည်မှန်းချက်ကို အောင်မြင်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်သည့်အတွက် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့်တကွ မိတ်ဘက်အဖွဲ့အစည်းများ အားလုံးသည် ယခုလို အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် ရည်မှန်းချက်အတိုင်းကိုလည်း အောင်မြင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာခင်ကျော်က တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းရည်မှန်းချက်များ အောင်မြင်ရေးအတွက် ပြည်သူလူထုများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ဆက်လက်မှာကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အတွင်းရေးမှူး ဦးအောင်ခင်က အသင်း၏လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံချက်များအကြောင်းကို လည်းကောင်း၊ FHI 360 မှ ဒေါက်တာကျော်မျိုးလွင်က Challenge TB အကြောင်းကိုလည်းကောင်း၊ လက်ထောက် စီမံချက်မန်နေဂျာ ဦးနိုင်သူရတင်က စီမံချက်လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး

No comments:

Post a Comment