နေပြည်တော်
ဇွန် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ပူးပေါင်း၍
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရုံးတွင် လူမှုအခြေပြုဗဟိုဌာန (Community Centre) အဖြစ် အဆင့်မြှင့်တင်ခြင်းနှင့်
ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၈ ရက်နေ့ နံနက်(၁၀)နာရီတွင် ပျဉ်းမနားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လူမှုအခြေပြုဗဟိုဌာန (Community
Centre) အဖြစ် အဆင့်မြှင့်တင်ခြင်း နှင့် ရွေ့လျားစာကြည့်တိုက်ဖွင့်ပွဲ ဆိုင်းဘုတ်အား
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊
ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ သန့်သော်ကောင်းတို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးကြပြီး အမွှေးနံသာရည်များပက်ဖျန်းပေးကြသည်။
ထို့နောက်
အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၏
ရည်မှန်းချက်(၃)ရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊
ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဆိုသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ပြည်သူကို မျက်နှာမူသော ပြည်သူ့အကျိုးများ ဖြစ်ထွန်းစေနိုင်မည့်
ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် အကျိုးရှိရှိ၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်
အများပြည်သူအကျိုးကို ဦးတည်ပြီး ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
အနေဖြင့် ရုံးစာကြည့်တိုက်များကို လူမှုအခြေပြုဗဟိုဌာန( Community Centre) များ အဖြစ်
အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ Community Centre တွင် စာဖတ်ဝိုင်းများ
ကျင်းပပြုလုပ်ခြင်း၊ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊
စာပေနဲ့ ရပ်ရွာအရေးကိစ္စများ ဆွေးနွေးပွဲပြုလုပ်ခြင်း၊ ကလေးများအတွက် ကလေးပုံပြောပြိုင်ပွဲ၊
ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပုံဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ
ကျင်းပပြုလုပ်၍ ရပါကြောင်း၊ လူမှုအခြေပြု ဗဟိုဌာနဆိုသော သဘောသဘာဝအတိုင်း ပြည်သူ့အကျိုးပြု
လုပ်ငန်းများကို ဖော်ဆောင်ပေးနိုင်သည့် နေရာတစ်ခုအဖြစ် ရည်မှန်းပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ပါ
ကြောင်း၊ပြည်သူများကို ကိုယ်ပိုင်စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်စွမ်း ရှိလာစေရန်အတွက်
မှန်ကန်သည့်သတင်း အချက်အလက်များရရှိနိုင်ရေး၊ ခေတ်မီသည့်နည်းပညာများ ကျွမ်းကျင်တတ်မြောက်စေရေးနှင့်
အသိပညာ ဗဟုသုတဖြည့်ဆည်းပေးနိုင်ရေး၊ အနာဂတ်၏ ခေါင်းဆောင်ကောင်းများ အဖြစ် သားကောင်းရတနာ၊ သမီးမြတ် အလိမ္မာကလေးများကို မွေးထုတ်ပေးနိုင်ရေးတို့အတွက်
စာကြည့်တိုက်များက အရေးကြီးသည့် နေရာတစ်ခု
အဖြစ် ပြည်သူများ အသုံးချလာတတ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဖြင့်
ပြောကြားခဲ့သည်။
ထို့နောက်
နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ
နေပြည်တော်အတွင်းရှိ ကျန်မြို့နယ်များတွင်လည်း လူမှုအခြေပြုဗဟိုဌာန (Community
Centre) များ ဖွင့်လှစ်ပေးစေလိုပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖြင့်
အမှာစကား ပြောကြားသည်။
ယင်းနောက်
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်းက ရွေ့လျားစာကြည့်တိုက်
အကြောင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ Mobile bus (၂)စီးတွင်
သုတ/ရသစာအုပ်စာစောင်များ ပြင်ဆင်ထားမှုအခြေအနေကိုလည်းကောင်း၊ လူမှုအခြေပြုဗဟိုဌာန
(Community Centre) အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ထားသည့် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းနှင့်
ကွန်ပျူတာခန်းများတွင် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကလေးသူငယ်များက အသုံးပြုနေမှုများကို
လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်
ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်
ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန် /ဆက်
No comments:
Post a Comment