Friday, June 30, 2017

အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့ အစည်းအဝေးကျင်းပ



နေပြည်တော် ဇွန် ၂၉
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသား လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မေးခွန်း ၄ ခု မေးမြန်း ဖြေကြားခြင်း၊ ဥပဒေကြမ်း နှစ်ခု အတည်ပြုခြင်းနှင့် ဥပဒေကြမ်း တစ်ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော် - မိုးမောက် - ကျောက်စခန်း - လွယ်ကျယ် ကားလမ်းမကြီးကို ရာသီမရွေး စိတ်ချလက်ချ ကုန်စည် ပို့ဆောင်နိုင်ရန်နှင့် ခရီးသွားလာနိုင်ရန် အဆင့်မြင့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများ ဖောက်လုပ် ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်လင်းက ဗန်းမော် - မိုးမောက် - ကျောက်စခန်း - စိန်လုံး - လွယ်ဂျယ် လမ်းမကြီးသည် (၅၇) မိုင်ရှိပြီး မိုးမောက်မှ လွယ်ဂျယ်အထိ ကတ္တရာလမ်း (၀/၇)မိုင်၊ ပြောင်းဖူးစေ့ ကျောက်စီလမ်း (၄၆)မိုင် (၅)ဖာလုံ စုစုပေါင်းအရှည် (၄၇)မိုင် (၄)ဖာလုံအား အကျယ် ၁၂ မီတာရှိ ကတ္တရာလမ်း အဖြစ် (၃)နှစ်အတွင်း အဆင့်မြှင့်တင် ဖောက်လုပ်ရန် မြောက်ပိုင်းတော်ဝင် ကျောက်စိမ်း ကုမ္ပဏီအား ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုခဲ့ပါကြောင်း။
ကုမ္ပဏီအနေဖြင့် လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို (၃)နှစ်အတွင်း အပြီး ဆောင်ရွက်ရမည် ဖြစ်သော်လည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ ယခုအခါ မိုင်တိုင် (၄၆/၄)နှင့် မိုင်တိုင် (၄၇/၄)အတွင်း လွယ်ဂျယ်မြို့တွင်း အပိုင်း စံပြလမ်း(၁ ဒသမ ၃)ကီလိုမီတာ ခန့်အား (၁၂) မီတာအကျယ် ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စံပြလမ်း (၁ ဒသမ ၃) ကီလိုမီတာခန့်အား ကုမ္ပဏီမှ အပြီး ဆောင်ရွက်မည် ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် အပြီးတည်ဆောက် နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း  ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်း၏ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် ဒေသတစ်ဝိုက်ရှိ ဇုန်များအနက် ဇုန်(၃) ဧရိယာအတွင်း ပါရှိ သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ထွန်း ပေါ်ပေါက်ရာ အဆောက်အအုံ မြေနေရာများအား အကျိုးရှိအောင် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက လှည်းကူးမြို့နယ် ညောင်နှစ်ပင် သင်တန်းကျောင်း၏ မြေဧရိယာဧက (၆၀၀) ခန့်တွင် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေရန်၊ အကျိုး ရှိသော မြို့မြေအသုံးပြုမှု ဖြစ်ရန်၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း ပုံစံများကို လေ့လာ ရေးဆွဲထားပြီး  ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများအတိုင်း ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်း ဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်းများ၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ စသည်ဖြင့် ပါဝင်မည် ဖြစ်ပါကြောင်း၊ စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ခြင်း၊ ရန်ကုန် တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်မှုကို အထောက် အကူပြုခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွန်း လာခြင်းနှင့် နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေများ ရရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်သန်းနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးခွန်သိန်းဖေ တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဖတ်ကြားတင်ပြရာ လွှတ်တော်က ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ဆက်လက်၍ ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးသိန်းလွင်က ဖတ်ကြား တင်ပြရာ လွှတ်တော်က ပြည်သူ့ လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ယင်းနောက် တူးမြောင်း ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်က ဥပဒေကြမ်းပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များ  တိကျမှန်ကန်ရေး ဆွေးနွေးရာ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ဇွန် ၃၀ ရက်တွင် ကျင်းပရန် လျာထားကြောင်း ကြေညာသည်။
သူရဇော်၊ မွှေးကြူဇင် (သတင်းစဉ်)

No comments:

Post a Comment