Friday, June 30, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး (၂၃)ရက်မြောက်နေ့ ကျင်းပ



နေပြည်တော်  ဇွန်  ၂၉
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပရာ မေးခွန်း(၄)ခု မေးမြန်း ဖြေကြားခြင်း၊ အစီရင်ခံစာ (၂)ခု ဖတ်ကြား တင်ပြခြင်း၊ ဥပဒေကြမ်း (၁)ခု အတည်ပြုခြင်းနှင့် အဆို(၁)ခု ဆွေးနွေး အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀)ဆံ့ ဆေးရုံကြီးအား ခုတင် (၁၀၀) ဆံ့ ဆေးရုံ စံကိုက်နှင့် ညီသော ဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လူနာ အရေအတွက်နှင့် လိုက်လျော ညီထွေဖြစ်သော ဆေးရုံ အဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီမံကိန်းတွင် အဆိုပြုတင်ပြ ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် ပူတာအိုဆေးရုံ၌ တာဝန် ထမ်းဆောင် နေသော အရာထမ်းများနှင့် အမှုထမ်း ၀န်ထမ်းများအတွက် နေအိမ် လုံလောက်မှု မရှိကြောင်း သိရှိရ သည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၈ ခန်းတွဲ ၄ ထပ်နှင့် ၄ ခန်းတွဲ ၄ ထပ် ၀န်ထမ်းအိမ်ရာ ၂ လုံးကို ပထမဦးစားပေး ဆောက်လုပ် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြား သည်။
ဇေယျာသီရိ မဲဆန္ဒနယ်မှ ဦးလှဌေးဝင်း၏ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ရခိုင်ပြည်နယ် အတွင်း စုံစမ်း စစ်ဆေးနိုင်ရန် အချက်အလက် ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ (Fact Finding Mission)ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စု အစိုးရအနေဖြင့် ထိရောက် လုံလောက်သော တားဆီး ကန့်ကွက်မှု ပြုလုပ်ရန် မည်သို့ စီစဉ်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ (၃၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဥရောပသမဂ္ဂ က အဓိကအဆိုရှင်အဖြစ် တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ၂၀၁၇ ခုနှစ် မတ် ၂၄ ရက်တွင် မဲမခွဲဘဲ အတည်ပြု ချမှတ်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံ မဟုတ်သဖြင့် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုပိုင်ခွင့် မရှိပါကြောင်း၊ သို့သော် အဆိုပါ ဆုံးဖြတ်ချက်တွင် မိမိတို့ လက်မခံနိုင်သည့် Fact Finding Mission  စေလွှတ်ရေး ကိစ္စကို ထည့်သွင်းထားသည့် အတွက် ယင်းဆုံးဖြတ် ချက်အားချမှတ်သည့် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က အဆိုပါ ဆုံးဖြတ်ချက် တစ်ခုလုံးအား သဘောတူ လက်ခံခြင်း မရှိကြောင်း (Dissociate) ပြုလုပ်ခဲ့ပါကြောင်း၊  မြန်မာနိုင်ငံ နည်းတူ အိန္ဒိယ၊ တရုတ် စသည့် ကောင်စီဝင်နိုင်ငံ အချို့က လည်း သဘောတူ လက်ခံခြင်း မရှိကြောင်းကို ပြောကြား ခဲ့ကြပါကြောင်း။
နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေး မစ်ရှင် (Fact Finding Mission) ဖွဲ့စည်းခြင်းသည် ပြဿနာ ဖြေရှင်းရေးအတွက် အထောက်အကူ ဖြစ်မည် မဟုတ်သည့် အပြင် အသိုင်းအ၀ိုင်း နှစ်ရပ်အကြား တင်းမာမှု ပြဿနာရပ်ကို ပိုမို ကြီးထွားလာစေမည် ဖြစ်ခြင်း၊ လက်ရှိ ပကတိ အခြေအနေများနှင့် ကိုက်ညီမှု မရှိခြင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် အေးချမ်း တည်ငြိမ်ရေးနှင့် ရေရှည် တည်တံ့သော ဖြေရှင်းချက်များ ရရှိရေးအတွက် အလေးထား ကြိုးပမ်း ဖြေရှင်းနေခြင်း၊ ဒုတိယသမ္မတ ဦးဆောင်သော လွတ်လပ်သော ကော်မရှင် တစ်ခု ဖွဲ့စည်းပြီး ကြိုးပမ်း ဖြေရှင်းနေသည့် အတွက် အဆိုပါ ဆုံးဖြတ်ချက် တစ်ရပ်လုံးကို သဘောတူ လက်ခံ ပါဝင်ခြင်း မရှိကြောင်း၊ (Dissociate) ပြုလုပ်ကြောင်းကို ပြတ်ပြတ် သားသား ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း အဆိုပါ အချက်အလက် ရှာဖွေရေးမစ်ရှင် စေလွှတ်ရေးကိစ္စ အပါအ၀င် ဆုံးဖြတ်ချက်အား သဘောတူ လက်ခံခြင်း မရှိကြောင်းကို ၂၀၁၇ ခုနှစ် မတ် ၂၄ ရက်စွဲဖြင့် သတင်းကြေညာချက် တစ်ရပ် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါကြောင်း၊။
Fact Finding Mission ဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်၍ ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေး ကောင်စီဥက္ကဋ္ဌက မြန်မာ အမြဲတမ်း ကိုယ်စားလှယ်ကို ဆက်သွယ် လာပါကြောင်း၊ တရားဝင် အတိအလင်း Dissociate ပြုလုပ်ထားပြီး ဖြစ်သည့်အတွက် ယင်းလုပ်ငန်းစဉ်တွင် ပူးပေါင်း ဆောင်ရွက်မည် မဟုတ်ကြောင်း မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်း Fact Finding Mission အား မြန်မာနိုင်ငံသို့ လာရောက်ခွင့် မပြုရန် မြန်မာသံရုံးများသို့ လိုအပ်သော ညွှန်ကြားမှုများ ပြုလုပ်ကာ ကာကွယ် တားဆီးသွား မည်ဖြစ်ပါကြောင်း၊ သို့သော် ယင်းမစ်ရှင် အနေဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် စုံစမ်းခြင်း၊ ပြည်တွင်းရှိ သက်ဆိုင်သူ များအား ဆက်သွယ် မေးမြန်းခြင်းများ ပြုလုပ်၍ တွေ့ရှိချက် အစီရင်ခံစာအား လူ့အခွင့်အရေး ကောင်စီသို့ တင်ပြသွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် မေလနှင့် ဇွန်လအတွင်းက ဥရောပသမဂ္ဂ ဌာနချုပ်နှင့် အနောက်နိုင်ငံများသို့ တရားဝင် ခရီးစဉ်များ ဆက်တိုက် သွားရောက်ခဲ့ပြီး အဆိုပါ မစ်ရှင် စေလွှတ်ရေး ကိစ္စသည် မြေပြင် အခြေအနေများနှင့် ကိုက်ညီမှု မရှိသည့်အတွက် လက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသရှိ အသိုက်အ၀န်း ၂ ရပ်ကို ပိုမို ကွဲပြားစေနိုင်သည့် အကြံပြုချက်များသည် ပြဿနာ ဖြေရှင်းရာတွင် အထောက်အကူ မပြုသည့်အတွက် လက်မခံနိုင်ခြင်း ဖြစ်ကြောင်းနှင့် ဒေါက်တာ ကိုဖီအာနန်၏ အကြံပေး ကော်မရှင်က ထောက်ခံ တင်ပြချက်များအား အကောင် အထည်ဖော်ခြင်းဖြင့် ရေရှည် တည်တံ့သည့် ဖြေရှင်းမှုရရှိရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ရောက်ရှိရာ နိုင်ငံတိုင်းတွင် ပြတ်ပြတ် သားသား ပြောကြားခဲ့ကြောင်း။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်း နယ်စပ်ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာတွင် ကျူးလွန်ခဲ့သည် ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မရှင်သည် ဖြစ်စဉ် ဖြစ်ပွားသည့် ဒေသများသို့ သွားရောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် အပြင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားသို့လည်း သွားရောက်၍ စုံစမ်း မေးမြန်းမှုများပြုလုပ်နိုင်စေရန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ အဆိုပါ ကော်မရှင်သည် နိုင်ငံတကာ ယုံကြည် လက်ခံနိုင်သည့် အစီရင်ခံစာ ထုတ်ပြန်လာနိုင်မည် ဆိုပါက လူ့အခွင့်အရေး ကောင်စီက စေလွှတ်မည့် အချက်အလက် ရှာဖွေရေး မစ်ရှင်အား လက်ခံရန် နိုင်ငံတကာမှ ဖိအားပေးမှုများကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်စေမည် ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း မြေပြင် အခြေအနေနှင့်အညီ အထိရောက်ဆုံး အကောင်ဖော်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ပိုမိုတိုးတက်ရရှိရေး၊ ပြန်လည် နေရာချထားရေးနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့် ပေးအပ်ရေးနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိ ကြောင်း သက်သေ အထောက်အထား ခိုင်လုံပါက ဥပဒေနှင့်အညီ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားကြရန် လိုအပ်မည် ဖြစ်ကြောင်း ဖြေကြားသည်။
ထို့ပြင် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်နှင့် အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုတို့၏ တိုင်းရင်းဆေးကဏ္ဍ တိုးတက်ပြန့်ပွားရန် ဆောင်ရွက်ပေးရေးနှင့် အုတ်တွင်းမြို့နယ် (၂၅)ခုတင်ဆံ့ ဆေးရုံအား ခုတင် (၅၀)ဆံ့ ဆေးရုံအဆင့် တိုးမြှင့် ဖွင့်လှစ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက  ဖြေကြားခဲ့သည်။
ဆက်လက်၍ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး တင်သွင်းထားသည့် “မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမားများ ထွက်ပေါ်လာရေးအတွက် ကျေးလက်ဒေသမှ မြို့ပြများအထိ လည်းကောင်း၊ အခြေခံကျောင်းများမှ တက္ကသိုလ် ကောလိပ်များအထိ လည်းကောင်း၊ အားကစား ပြက္ခဒိန်များ ရေးဆွဲ၍ အားကစားပြိုင်ပွဲ များ ပြုလုပ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း”အဆိုနှင့် စပ်လျဉ်း၍ သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေး၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ မြိုင်မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်း၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်ညို၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မြင့်ဆွေ၊  ခေါင်လန်ဖူး မဲဆန္ဒ နယ်မှ ဦးအာမိုးဆီနှင့် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့က အကြံပြု ဆွေးနွေးကြပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အတည်ပြုသင့်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ထို့ပြင် ယနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတို့၏ နှစ်ပတ်လည် အစီရင်ခံစာများကို ဖတ်ကြားတင်ပြခြင်း၊ “အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment