Monday, June 26, 2017

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လွိုင်ကော်မြို့တွင် ကျင်းပသည့် ပဉ္စမအကြိမ် တိုင်းရင်း မီဒီယာ ညီလာခံ တက်ရောက်


လွိုင်ကော်           ဇွန် ၂၆
ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ယနေ့ နံနက်(၁ဝ)နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တို့ တက်ရောက်အဖွင့်အမှာ စကား ပြောကြား သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က တိုင်းရင်းသားများ၏ သတင်းမီဒီယာနှင့် စာပေကဏ္ဍတို့တွင် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် တိုးချဲ့ဆောင်ရွက်ပေးမည့်အစီအမံများ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်သတင်းစာများ၌ တိုင်းရင်းသား ဘာသာ အစီအစဉ်များ ထုတ်လွှင့်ဖော်ပြဆောင်ရွက် ပေးလျက်ရှိပါပြီး ထိုသို့ဆောင်ရွက်ပေးရန်  မိမိတို့တွင် တာဝန်ရှိသည်ဟုလည်း ခံယူထား ပါကြောင်း၊  သို့ရာတွင် ဆောင်ရွက်နိုင်မှုပမာဏ နည်းပါး နေသေးကြောင်း၊  တိုးချဲ့ ဆောင်ရွက်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားမီဒီယာများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်း၍ လုပ်ဆောင်သွားရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားမီဒီယာများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်း စဉ်များတွင် အားတက်သရော ပါဝင်ပူးပေါင်းဆောင်ရွက်သွား နိုင်မည်ဟု  ယုံကြည်မျှော်လင့် မိပါကြောင်း ပြောကြားသည်။   
တိုင်းရင်းမီဒီယာညီလာခံများကို ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင် လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်လည်းကောင်း ကျင်းပခဲ့ပြီး ယခု ၂ဝ၁၇ ခုနှစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ Barma News International နှင့် ကန္ဒရဝတီတိုင်းစ်တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကျင်းပခဲ့ကြောင်းသိရှိရသည်။
မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို နှင့်ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လွိုင်ကော်မြို့၊ သီရိရုပ်ရှင် ရုံဟောင်း မြေနေရာတွင် အဆင့်မြှင့်ရုပ်ရှင်ရုံနှင့် Community Centre ပါဝင်သော ခေတ်မီအထပ်မြင့် အဆောက်အ အုံသစ်  တည်ဆောက်နိုင်ရေး နှင့် ပတ်သက်၍  ကနဦးညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
 ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၅ ရက်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက် ရှိ  သီရိရုပ်ရှင်ရုံဟောင်း နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ လွိုင်ကော်သတင်းဌာနခွဲ၊ သတင်း ရိုက်ကူး၊ ပေးပို့၊ ထုတ်လွှင့်နေမှု အခြေအနေများကို လည်းကောင်း၊   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လွိုင်ကော် ခရိုင်ရုံး၊ ဒီးမော့ဆိုမြို့နယ်ရုံးများ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ ခရီးစဉ်တွင် အတူ လိုက်ပါလာ သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးမောင်ဖေတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များနှင့် ပတ်သက်၍  ပြည်ထောင်စုဝန်ကြီးက ပြည်သူ့စာကြည့်တိုက်များ အသက်ဝင် ရှင်သန်ရေး၊ ရေရှည်မျှော်မှန်းချက်ဖြစ်သည့် ရပ်ရွာ အခြေပြုလူထု၏  Community Centre များဖြစ်စေရေး၊ နယ်မြေဒေသအလိုက် တည်ရှိနေသည့် တိုင်းရင်းသား များ၏  စာပေနှင့် ယဉ်ကျေးမှုများကို တတ်စွမ်းသ၍ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး၊ မျိုးဆက်သစ် လူငယ်များအတွက် စာဖတ်သည့် အလေ့အကျင့် ရရှိစေရေး အတွက်  ကလေးစာ ဖတ်ခန်းများ ကို ယခုထက် ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်အောင် တိုးချဲ့ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မှာကြားခဲ့သည်။ 

(ပြည်နယ် ပြန် / ဆက်)

No comments:

Post a Comment