Monday, June 26, 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၀)ရက်မြောက်နေ့ကျင်းပ


ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၀)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင်        ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ပလက်ဝမြို့ ခုတင် ၅၀ ဆံ့ ပြည်သူ့ ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက် ဆရာဝန်များနှင့် ကျေးရွာများရှိ ကျန်းမာရေး ဌာန(၈)ခု အနက် လစ်လပ်(၇)နေရာတွင် ကျန်းမာရေးမှူးများ အမြန်ဆုံးအစားထိုး ခန့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် လက်ထောက် ဆရာဝန် အင်အားမှာ ခွင့်ပြု ၆ ဦး အနက် ၂ ဦး ခန့်ထားပြီး လစ်လပ် ၄ ဦး ရှိပါကြောင်း။
ချင်းပြည်နယ်၌ လစ်လပ်လျက်ရှိသည့် လက်ထောက်ကျန်းမာရေးမှူး ရာထူးနေရာများ အတွက် (၃၁)ကြိမ် မြောက် လက်ထောက်ကျန်းမာရေးမှူး (အကျဉ်းချုံး) သင်တန်းဆင်း ၂၀ နှင့် ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံ ကျန်းမာရေး) ဘွဲ့ရ လက်ထောက်ကျန်းမာရေးမှူး ရာထူးဝင်ခွင့် အောင်မြင်သူ ၁၅ ဦး တို့ကို ခန့်အပ် တာဝန်ချထားပြီး ဖြစ်ပါကြောင်း၊ ပလက်ဝမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနတွင် လစ်လပ်နေရာ ၇ နေရာအနက် ၄ နေရာကို ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသော လစ်လပ်နေရာ ၃ နေရာအား (၃၂)ကြိမ်မြောက် လက်ထောက် ကျန်းမာရေးမှူး (အကျဉ်းချုံး) သင်တန်း စက်တင်ဘာလတွင် ပြီးစီး မည်ဖြစ်ပြီး အဆိုပါ သင်တန်း ဆင်း ၇၅ ဦးအား အလုပ်ခန့်အပ်မည့် အချိန်တွင် ချင်းပြည်နယ်၌ ဦးစားပေး ခန့်ထား ပေးမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၏ မြန်မာနိုင်ငံ ဒေသ အသီးသီး၌ ဖွင့်လှစ်ထားသည့် မြန်မာ့ပရဆေးဆိုင်များမှ ဆေးဝါးကုန်ကြမ်းများတွင် သိပ္ပံနည်းကျ မှန်ကန်သော ဆေးဝါးစစ်စစ် တင်သွင်း ရောင်းချနိုင်ရေးအတွက် ပညာပေး လုပ်ထုံးလုပ်နည်းများ စိစစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် ပရဆေး ကုန်ကြမ်းတင်သွင်း ရောင်းချလိုသော ကုမ္ပဏီများမှ ပရဆေးကုန်ကြမ်း စစ်မှန်မှု ထောက်ခံချက် တောင်းခံလာပါက စစ်ဆေးပြီး အတည်ပြုပေးလျက် ရှိပါကြောင်း။
ထိုသို့ စစ်ဆေးရာတွင် ကုန်ကြမ်းပစ္စည်းများကို ပြင်ပရုပ်သွင် တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ပြီး လိုအပ်ပါက ပါဝင်ဓာတ်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းပြုလုပ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ပရဆေး ကုန်ကြမ်း သို့မဟုတ် အဆီအနှစ်များအား တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုသော ကုန်ကြမ်း ပစ္စည်း များဖြစ်ကြောင်း လာရောက် လျှောက်ထားပါက တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တင်သွင်းသည့် ကုမ္ပဏီ၏ ဓာတ်ခွဲစမ်းသပ်တွေ့ရှိချက်အား သေချာစွာ စိစစ်/စစ်ဆေးပြီး ထောက်ခံပေးပါကြောင်း၊ ပရဆေး ကုန်ကြမ်းရောင်းချသူ၊ တိုင်းရင်း ဆေးဝါးထုတ်လုပ်ရန် ကုန်ကြမ်းဝယ်ယူသူများ အနေဖြင့်လည်း မိမိတို့ ရောင်းချ၊ ၀ယ်ယူမည့် ပစ္စည်းအား သိရှိပြီး သေချာစွာ စစ်ဆေးဝယ်ယူရန် လိုအပ်ပါကြောင်း၊ တိုင်းရင်း ဆေးပညာ ဦးစီးဌာနအနေဖြင့် ပရဆေးကုန်ကြမ်းများအား Standardized ပြုလုပ်၍ Botanical Name အပါ အ၀င် စနစ်တကျ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင် အသိပညာပေး လုပ်ငန်းများကိုပါ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်း တို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်၏ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှု မရှိသလောက် အားနည်း နေခြင်း အပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ နော်လှလှစိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ ဦးကြွယ် ကြွယ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုး ထိုက်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း တို့ က ထောက်ခံ ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက ပြဋ္ဌာန်းပြီး ဥပဒေများတွင် ချို့ယွင်းချက်များ ရှိသော်လည်း အုပ်ချုပ်သူအစိုးရမှ ရသည့်နည်းဖြင့်  မဖြစ်မနေ အကောင်အထည် ဖော်ရန် တာဝန်ရှိ ပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေအား ပြည်သူများ လေးစားလိုက်နာသည်အထိ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အာဏာ ပိုင်များဘက်မှလည်း လက်ရှိ အခြေ အနေအား ထိုင်ကြည့်နေမည့်အစား ယခုအခြေအနေထက် ပိုမိုတိုးတက် ထိရောက်အောင် ကြီးကြပ် ဆောင်ရွက်ပေးရန် မဖြစ်မနေ တာဝန်ရှိပါကြောင်း စသ ဖြင့် အဆိုအား ထောက်ခံဆွေးနွေးသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ဇွန် ၂၇ ရက်တွင် ဆက်လက် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော် (သတင်းစဉ်)


No comments:

Post a Comment