Thursday, June 22, 2017

ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် စစ်ဆေးကုသမှုများ ကွင်းဆင်း ဆောင်ရွက်



ငါ့သရောက်   ဇွန်   ၂၂
မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင် ဦးဆောင်၍ ဝန်ထမ်းများ အဖွဲ့သည် ဇွန် ၂၂ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမာရေး အစီအစဉ်ဖြင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရှေးဦးစွာ ငါ့သရောက်မြို့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင်က ငါ့သရောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ ကျောင်းနေပျော်ပြီး ကျန်းမာရေးကောင်းမွန်စေရန် အတွက် မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ တုပ်ကောင်သန်ကောင်ရောဂါ မဖြစ်ပွားစေရန် တစ်ကိုယ်ရေသန့်ရှင်းမှု အထူးဂရုပြု လိုက်နာရမည့်အချက်များနှင့် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် အစားအသောက်များကို ဝယ်ယူစားသုံးမှု မရှိရန် လိုက်နာရမည့် အချက်များကို အသိပညာပေးဟောပြော ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဒေါက်တာကံမင်းအောင်၊ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံမှ သွားကျန်းမာရေး ဆရာဝန် ဒေါက်တာလှမျိုးနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ငါ့သရောက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများအား သွားခံတွင်းနှင့် ပက်သက်သည့် ရောဂါဝေဒနာများ၊ အထွေထွေရောဂါများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ လိုအပ်သည့် ဆေးဝါးများဖြင့် အခမဲ့ ကျန်းမာရေးပြုစုကုသပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲသို့ ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် မြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ငါ့သရောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင်၊ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံမှ သွားကျန်းမာရေးဆရာဝန် ဒေါက်တာလှမျိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ငါ့သရောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလွင်နှင့် ဆရာ၊ ဆရာမများ ၊ ကျောင်းမုန့်ဈေးတန်းဆိုင်များမှ ဈေးသည်များနှင့်  အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၇၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရှိပါသည်။  
ရဲဝင်းနိုင်(ညောင်ဦး)

No comments:

Post a Comment