Sunday, June 11, 2017

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ်လမ်း ဖွင့်ပွဲ နှင့် ဘီလူးချောင်း တံတား (ရှမ်းပိုင်း) ဖွင့်ပွဲ အခမ်းအနားများ ကျင်းပ


နေပြည်တော် ဇွန် ၁၁
 
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ် လမ်းနှင့် ဘီလူးချောင်း တံတား (ရှမ်းပိုင်း) ဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြိုင်တည်း ကျင်းပရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် တက်ရောက်သည်။ 


အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် လွှတ်တော် ဥက္ကဌ၊ ကယား ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်မှ အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ မြို့မိမြို့ဖများ၊ ဘင်ခရာနှင့် ပန်းပွားအက အဖွဲ့များနှင့် တိုင်းရင်းသာရိုးရာ အကအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အစီအစဉ် ပထမပိုင်းအဖြစ် ကတ္တရာကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို မြို့တွင်းလမ်းအပိုင်းရှိ ဖွင့်ပွဲမုဒ်ဦးရှေ့၌ ကျင်းပရာ ရှေ့ဦးစွာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်အတွင်းရှိ လမ်းများကို တိုးချဲ့ခြင်း အဆင့် မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ်လိုက်သည့် လွိုင်ကော်မြို့တွင်းလမ်း (၃)မိုင်ကို ကတ္တရာ ကွန်ကရစ်(AC)ဖြင့် အဆင့်မြှင့်တင်ခြင်း ပါဝင်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း (၃)မိုင် ကတ္တရာ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း အစိုးရအဖွဲ့သစ်၏ ပထမနှစ်အတွင်း ပေ(၅၀)နှင့်အထက် တံတား(၂၆)စင်း တည်ဆောက်ပေးခဲ့ပြီး ပေ(၁၈၀)နှင့် အထက် တံတားအဖြစ် ဘီလူးချောင်းတံတား (ရှမ်းပိုင်း)ကို တည်ဆောက် ပြီးစီးခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်း သံလွင်မြစ်ကူး (တာတမော့) တံတားနှင့် ဒေါနိုးကူး တံတားများကို အသစ် တည်ဆောက်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကယားပြည်နယ်သည် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်ဝန်းရံလျက်ရှိကာ ကုန်းလမ်းခရီးဖြင့် အဓိကဆက်သွယ် သွားလာနိုင်သည့် ပြည်နယ်တစ်ခု ဖြစ်ကာ ယခင်ကထက် လမ်းပန်းဆက်သွယ်မှု ပိုမွန်ကောင်းမွန်လာသည်ကို တွေ့ရှိရမည်ဖြစ် ပါကြောင်း။

ကယားပြည်နယ်ရှိ ဒေသခံပြည်သူများကို စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီစွာ တည်ဆောက်ပေးခဲ့သည့်  ကတ္တရာ ကွန်ကရစ် လမ်းနှင့် ဘီလူးချောင်းတံတား (ရှမ်းပိုင်း) ကို ယနေ့ အပ်နှံလိုက်ခြင်းဖြစ်ပြီး လမ်း/ တံတား များအား ရေရှည် အသုံးပြုနိုင်ရေး အတွက် ဒေသခံ ပြည်သူများမှလည်း ကူညီစောင့်ရှောက် ထိန်းသိမ်းပေး ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် လမ်း/တံတားများ ဖွင့်လှစ်ပေးခြင်းနှင့် အခြား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ 

ယင်းနောက် ဒေသခံပြည်သူတစ်ဦးက လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ်လမ်းနှင့် ဘီလူး ချောင်းတံတား(ရှမ်းပိုင်း) ဖွင့်လှစ်ပေး သည့် အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ကြောင်းနှင့် လမ်းနှင့်တံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် လွိုင်ကော်မြို့တွင်း ကတ္တရာကွန်ကရစ် လမ်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ မြို့မိမြို့ဖ ဦးပေါလူချမ်း၊ လမ်းအထူးအဖွဲ့(၁၃)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ကတ္တရာ ကွန်ကရစ်လမ်းပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။

ဆက်လက်၍ အစီအစဉ် ဒုတိယပိုင်း ဘီလူးချောင်းတံတား (ရှမ်းပိုင်း) ဖွင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး ဦးခင်မောင်ဖြူ၊ မြို့မိမြို့ဖ ဦးပေါလူချမ်း၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင် တို့က ဘီလူးချောင်းတံတား (ရှမ်းပိုင်း)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြသည်။ 

ထို့နောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုတို့က ဘီလူးချောင်းတံတား (ရှမ်းပိုင်း) ကမ္ဗည်းမော်ကွန်း ကျောက်စာ တိုင်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တံတားကြီးပေါ်မှ ဒေသခံ ပြည်သူများ၊ ဧည့်သည်တော်များနှင့် အတူ ဖြတ်သန်းကြည့်ရှုကြသည်။ 

ယနေ့ဖွင့်လှစ်သည့် ဘီလူးချောင်းတံတား(ရှမ်းပိုင်း)သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်း ၌ တည်ရှိပြီး တံတားအမျိုးအစားမှာ အပေါ်ထည် PC Girder နှင့် သံကူကွန်ကရစ်ကြမ်းခင်း ဖြစ်ပြီး အောက်ထည် ကမ်းစပ်အုတ်မြစ် တိုင်များကို Spun Pipe နှင့် ရေလည် အုတ်မြစ်တိုင်များကို (၇)ပေ Ø Steel Sheel တို့ဖြင့် တည်ဆောက်ထားကာ တံတားအရှည် (၂၇၀)ပေ၊ ယာဉ်သွားလမ်း အကျယ် (၂၄)ပေ၊ လူသွားလမ်း တစ်ဖက်လျှင်(၃)ပေစီ ပါရှိပြီး ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ တန်(၆၀) ဖြစ်ပါသည်။ 

လွိုင်ကော်မြို့၌ ရောက်ရှိနေသော ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ဆောက်လုပ်ရေး ရိပ်သာတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဉက္ကဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံပြီး ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီသော  အဆောက်အဦ၊  လမ်း၊  တံတား နှင့်  မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရ မည့် လုပ်ငန်းများ၊ ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဉက္ကဌ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် လွိုင်ကော်မြို့တွင် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦအထူး အဖွဲ့(၁၂)မှ လွိုင်ကော် ပညာရေး ကောလိပ် အရာထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ် နှင့် သင်တန်းသား (၂၀၀)ဆံ့ စားသောက်ဆောင် (၁)ထပ် RC တစ်ဆောင်နှင့် စားဖိုဆောင် (၁)ထပ် RCတစ်ဆောင် ဆောက်လုပ်မည့် လျာထားနေရာ လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးကြည့်ရှုပြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကယားပြည်နယ် တွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရန် တည်ဆောက်ပြီးစီး၍ နေရာချထားသည့် ဝန်ထမ်းအိမ်ရာများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment