Sunday, June 11, 2017

ရာသီဥတု အသင့်အတင့် ကောင်းမွန်လာ၍ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်၊ ပျက်ကျလေယာဉ်မှ ရုပ်အလောင်းများ ထပ်မံတွေ့ရှိ


နေပြည်တော် ဇွန် ၁၁
 
တပ်မတော် Y-8 လေယာဉ် ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်၌ ယနေ့နံနက်ပိုင်း တွင် ရာသီဥတု အသင့်အတင့် ကောင်းမွန်လာသည့်အတွက် တပ်မတော် (ရေ) မှ စစ်ရေ ယာဉ်များ၊ တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ငါးဖမ်းစက်လှေများ၊ မြေပြင်တပ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရုပ်အလောင်း ၂၆ လောင်း ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။


ယနေ့ညနေ ၄ နာရီအထိ မောင်းမကန် ကမ်းခြေတစ်လျှောက် ဖြန့်ခွဲထားသည့် မြေပြင်တပ်များနှင့် ဒေသခံပြည်သူများက အမျိုးသား ရုပ်အလောင်း ၈ လောင်း၊ ကလေး ရုပ်အလောင်း ၁ လောင်းနှင့် ကျား/မ မခွဲခြားနိုင် ရုပ်အလောင်း ၁ လောင်း၊ လောင်းလုံ ဘုတ်ကျွန်းအနီး၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် စစ်ရေယာဉ် နှစ်စီးက အမျိုးသား ရုပ်အလောင်း ၄ လောင်းနှင့် အမျိုးသမီး ရုပ်အလောင်း ၂ လောင်း၊ ဒေသခံ ငါးဖမ်းလှေများက အမျိုးသား ရုပ်အလောင်း ၁၀ လောင်းထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်း ရုပ်အလောင်း ၂၆ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။ 

ယနေ့အထိ တပ်မတော်အရာရှိ ရုပ်အလောင်း ၃ လောင်းနှင့် စစ်သည် ရုပ် အလောင်း ၂ လောင်း အပါအ၀င် အမျိုးသား ရုပ်အလောင်း ၂၆ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၃ လောင်း၊ ကလေး ရုပ်အလောင်း ၉ လောင်းနှင့် ကျား/မ မခွဲခြားနိုင် ရုပ်အလောင်း ၁ လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၅၉ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။

ပင်လယ်ပြင်အတွင်း ရာသီဥတု ကောင်းမွန်မှု အခြေအနေအပေါ် မူတည်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ပျက်ကျခဲ့သည့် Y-8 လေယာဉ် ပြန်လည်ရှာဖွေ တွေ့ရှိရေးနှင့် ရုပ်အလောင်းများပြန်လည် ဆယ်ယူရရှိနိုင် ရေးအတွက် ယနေ့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ)က စန်းလန်းကျေးရွာကမ်းခြေ၌ အခြေပြု၍လည်းကောင်း၊ စစ်ဦးစီးအရာရှိချုပ်(လေ)က ရဟတ်ယာဉ်ဖြင့် လိုက်ပါ၍ လည်း ကောင်း ရှာဖွေမှုများအား အနီးကပ်ကြီးကြပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသခံပြည်သူ များအတွက် ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများကို နယ်မြေခံတပ် မိသားစု၊ ဌာန ဆိုင်ရာ ၀န်ထမ်းများနှင့် NGO အဖွဲ့အစည်းများက ချက်ပြုစီမံ၍ အသင့်စားသုံးနိုင်ရေး လိုက်လံဝေငှပေးခဲ့သည်။

ပင်လယ်ပြင်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများအား ထားဝယ်မြို့ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ပြီး လိုအပ်သည့် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ၊ ကျန်ရစ်သူ မိသားစုများမှ ကြည်ရှုစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိရာ ယခုအချိန်အထိ ရုပ်အလောင်း ၂၇ လောင်းအား ရုပ်အမည်ခွဲခြားမှု ပြုလုပ်နိုင်ခဲ့ပြီး ကျန်ရှိရုပ်အလောင်း ၃၂ လောင်းအား ဥပဒေရေးရာ ဆေးပညာ ကျွမ်းကျင်သူများက ဆေးဘက်ဆိုင်ရာ စစ်ဆေးခြင်း၊ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မိသားစုများက ကြည့်ရှု စစ်ဆေးခြင်းများဖြင့် ရုပ်အမည် အတည်ပြုနိုင်ရေး လုပ်ဆောင်လျက်ရှိသည်။ ယနေ့ နံနက်ပိုင်းတွင် အမျိုး အမည်ခွဲခြားနိုင်ပြီး ကျန်ရစ်သူမိသားစုများက အတည်ပြုနိုင်သည့် ရုပ်အလောင်း ၄ လောင်းကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာ တပ်မတော် လုပ်ထုံးလုပ်နည်းများနှင့် အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ရာ စုစုပေါင်း ရုပ်အလောင်း ၂၃ လောင်းအား သင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

 (သတင်းစဉ်)

No comments:

Post a Comment