Friday, June 9, 2017

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား အဆင့်မြင့်ဖန်သားမျှင် မီးအလင်းကပ်လှူပူဇော်ခြင်း ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ





မန္တလေး ဇွန် ၉
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား အဆင့်မြှင့်ဖန်သားမျှင်မီး အလင်း ကပ်လှူပူဇော်ခြင်း၊ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဘုရားကြီး၌ ကျင်းပရာ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြ သည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဇနီး တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး ခရိုင်^မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဥက္ကဌနှင့် ဂေါပကအဖွဲ့ဝင်များ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ၊ ဘုရားဖူးလာပြည်သူများ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ ဆရာတော်ကြီးများက “ဒုက္ခပ္ပတ္တာစ နိဒ္ဒုက္ခာ၊ ဘယပ္ပတာစ နိဗ္ဘယာ၊ သောကပ္ပတ္တာစ၊ နိေဿာကာ” အစရှိသော ဂါထာတော်ကို သုံးကြိမ်ရွတ်ဆိုဆုတောင်းမေတ္တာပေးပို့ပြီး ဂေါပကအဖွဲ့ ဥက္ကဌက ယခင်ထွန်းညှိကပ်လှူပူဇော်ထားသည့် လျှပ်စစ်မီးကို စက်ခလုတ်နှိပ်၍ ပိတ်သိမ်းလိုက်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အဆင့်မြှင့် ဖန်သားမျှင် မီးအလင်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပူဇော်ကြပြီး “ဇယန္တော ဗောဓိယာမူလေ” အစရှိသော အောင်ဂါထာများကို ရွတ်ဆိုပူဇော်ကြသည်။
ယင်းနောက် ရေစက်မင်္ဂလာအခမ်းအနားကို မိုးကောင်း ဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ မန္တလေး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ၊ မစိုးရိမ်ကျောင်းတိုက် ပါဠိနယူပဒေသာကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသထံမှ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဧည့်ပရိတ်သတ်များ၊ အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတော်မူပြီး ဂေါပကအဖွဲ့ ဥက္ကဌက မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား အဆင့်မြှင့်ဖန်သားမျှင် မီးအလင်းကပ်လှူ ပူဇော်ရခြင်းရည်ရွယ်ချက်ကို လျှောက်ထားတော်မူသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များအား ပြည်သူ့လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ အလှူရှင်များက လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မန္တလေးတိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ၊ မစိုးရိမ်ကျောင်းတိုက် ပါဠိနယူ ပဒေသာ ကျောင်းဆရာတော်က ရေစက်ချတရားချီးမြှင့်ရာ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဧည့်ပရိတ်သတ် များက နာယူကြည်ညိုကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓစွယ်တော်ပြတိုက်အတွင်း ပြင်ပလှူဖွယ်ပစ္စည်းများပြခန်း (Foreign Contributions) ကို ပြည်သူ့လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment