Friday, June 9, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပေါင်မြို့နယ် အလှပ်ကျေးရွာ ရေငန်တားတမံပြုပြင်နေမှု ကြည့်ရှုစစ်ဆေး ကျိုက်မရောမြို့ ပြန်လည်စွန့်လွှတ်မြေများ မူလတောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား





နေပြည်တော် ဇွန် ၉
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်သို့ ရောက်ရှိကာ ပေါင်မြို့နယ် အလှပ်ကျေးရွာ ရေငန်တားတမံ ပြုပြင်နေမှုအား ကြည့်ရှု စစ်ဆေးပြီး ကျိုက်မရောမြို့၌ ကျင်းပသည့် ပြန်လည်စွန့်လွှတ် မြေယာများ မူလတောင် သူများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် ပေါင်မြို့နယ် အလှပ်ကျေးရွာရှိ ရေငန်တားတမံပြုပြင်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက ၂၀၁၇ ခုနှစ် မေ ၂၇ ရက်က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း(MORA)အရှိန်ကြောင့် အလှပ်ကျေးရွာ ရေငန် တားတမံ ပျက်စီးမှုအခြေအနေ၊ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ထားမှုနှင့် အခိုင်အမာပြုပြင်တည် ဆောက်ရန်လျာထားသည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတသည် အလှပ်ကျေးရွာရေငန်တားတမံအား ပင်လယ် ဒီရေလှိုင်း ရိုက်ခတ်မှုအခြေအနေနှင့် တမံကာကွယ်ခြင်းလုပ်ငန်းများဆောင် ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ယင်းတမံကို ငွေကျပ် ၄၅၆ သန်း အကုန်အကျခံ တည်ဆောက်ခဲ့သော်လည်း ပင်လယ်ဒီရေအတက်ကြမ်းချိန်တွင် လှိုင်းကာကျောက်ရိုး များ လျှောကျခဲ့ပါကြောင်း၊ နောင်တမံရေရှည်ကြံ့ခိုင်ရေး ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံက ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို မျှော်မှန်း၍ စနစ်တကျ တွက်ချက်တင်ပြ ဆောင်ရွက်ကြရန်နှင့် မြေဆီလွှာကြံ့ခိုင်ရေးအတွက် ဒီရေတောများနှင့် သြစတြေးလျဗာတီဘာမြက်များကို စိုက်ပျိုးကြရန်မှာကြားသည်။
အလှပ်ကျေးရွာသည် ပေါင်မြို့နယ်အတွင်း တည်ရှိပြီး ပင်လယ်ဒီရေလှိုင်း ရိုက်ခတ် ၀င်ရောက်မှုကို တိုက်ရိုက်ခံစားနေရသောဒေသဖြစ်သည်။ နေ့စဉ် ဒီရေ အတက်အကျ ၂ကြိမ်ရှိပြီး လစဉ် လပြည့်လကွယ်ရက်များတွင် ဒီရေအတက်အကျ ကြမ်းကာ ဒီရေတက်ကြမ်းချိန် မုန်တိုင်းတိုက်ခတ်ချိန်နှင့် တိုက်ဆိုင်ပါက လေတိုက် နှုန်း မိုင် ၅၀ အထက်ရှိကြောင်း သိရသည်။
ထို့နောက် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတသည် ကျိုက်မရောမြို့သို့ ရောက်ရှိကြပြီး ရွှေဟင်္သာခန်းမ၌ကျင်းပသည့် ပြန်လည်စွန့်လွှတ်မြေယာများ မူလတောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက သိမ်းဆည်းခံလယ်ယာမြေများ၊ အခြားမြေ များကို မူလပိုင်ရှင်ပြည်သူများလက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရန် နိုင်ငံတော်အနေ ဖြင့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေပါကြောင်း၊ မြေယာကိစ္စသည် စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုနှင့် ဥပဒေကြောင်းအရ ညီညွတ်မှု ရှိ၊ မရှိ စိစစ်ရပြီး မှတ်တမ်း မှတ်ရာမပြည့်စုံမှုများကြောင့် လက်တွေ့ကိုင်တွယ်ဖြေရှင်းရာတွင် အချိန်ယူရပါကြောင်း။
ယနေ့ပြန်လည်လုပ်ကိုင်ခွင့်ရရှိကြသည့် တောင်သူများအနေဖြင့် လက်မှုလယ် ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး အထွက်နှုန်း တိုးတက်မြင့်မားအောင် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပါကြောင်း။
မူလပိုင်ရှင်တောင်သူများထံ လွှဲပြောင်းနိုင်ရန်အတွက် အစိုးရရာအထမ်း၊ အမှု ထမ်းများအနေဖြင့် မြေယာဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ စေတနာထားကာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ကြရန် လိုအပ်ပြီး တောင်သူများအနေဖြင့်လည်း လုပ်ငန်းစဉ်မှန်ကန်မြန်ဆန်စေရေး ပူးပေါင်းပါဝင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်စန်းဝင်းနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်တို့က မူလတောင်သူများထံ ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)ကို ပေးအပ်ကြသည်။
ယနေ့အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၏ စွန့်လွှတ်မြေဧရိယာ ၆၃၈ ဧက အနက်မှ ၄၄၂ ဧကကို တောင်သူလယ်သမား ၁၁၈ ဦးထံ ယာယီပုံစံ-၃ ဖြင့် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတသည် မော်လမြိုင်မြို့ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)ရုံးသို့ သွားရောက်ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုလေ့လာသည်။
မောင်လမြိုင်မြို့ပြည်သူ့ဝန်ဆောင်မှုရုံးကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ပြီး  ရုံးဌာနဆိုင်ရာ ၁၀ ခုမှ ၀န်ထမ်းများဖြင့် တစ်နေရာတည်းတွင် ၀န်ဆောင်မှုပေးလျက်ရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment