Friday, June 23, 2017

မိုးသည်းထန်သဖြင့် ကော့သောင်း-ဘုတ်ပြင်းလမ်းပေါ် ရေကျော်မှု ဖြစ်ပွား



ကော့​သောင်း   ဇွန်​    ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင်  ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းသဖြင့်  ပြည်ထောင်စု လမ်းမကြီး၏ ကော့သောင်း-ဘုတ်ပြင်းလမ်းပိုင်း မလိဝမ်းကျေးရွာအထွက်တွင် ကားလမ်းမပေါ် ရေလျှံ ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်း၏ ဝဲဘက်တွင် တောင်ကုန်းတောင်တန်းများပေါ်မှ မိုးသည်းထန်သဖြင့် စီးဆင်းလာသည့် ရေများ နှင့်အတူ အမှိုက်သရိုက်များ ပါရှိလာပြီး လမ်းဖြတ်ရေပြွန် ပိတ်ဆို့မှုဖြစ်ကာ ပြည်ထောင်စုလမ်းမကြီးပေါ် ရေလျှံ ရေကျော် သဖြင့် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ရပ်နားထားခဲ့ရကြောင်း၊ အဆိုပါ နေရာရှိ လမ်းဖြတ်ရေပြွန်မှာ ကျဉ်းမြောင်းမှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် တောင်ကြောများပေါ်မှ အလုံးအရင်းဖြင့် စီးဆင်းလာသည့်ရေနှင့် အတူ အမှိုက်သရိုက်များပိတ်ဆို့မှုကြောင့် ကားလမ်းမပေါ် ရေကျော်စီးဆင်းကာလမ်းပျက်စီးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိကြောင်း ဒေသခံရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment