Friday, June 23, 2017

မြန်မာနိုင်ငံယစ်မျိုး အက်ဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



ဘားအံ      ဇွန်        ၂၃                                   
ခေတ်ကာလ ပြောင်းလဲမှုအရ စီးပွားရေး ဆောင်ရွက်မှုပုံစံများ၊ ထုတ်လုပ်မှုနည်းစနစ်များ ပြောင်းလဲလာခြင်း၊ ယနေ့ခေတ်ကာလနှင့် မလျော်ညီသည့်အချက်များ ပါဝင်နေခြင်း၊ မူရင်းဥပဒေမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲထားခြင်းကြောင့် ဘာသာပြန် ဆောင်ရွက်ရာတွင် အဓိပ္ပယ်ကောက်ယူမှု လွဲမှားခြင်း၊ ပြည့်စုံတိကျစွာ အနက်အဓိပ္ပယ်မဖွင့်ဆိုနိုင်ခြင်းတို့ကြောင့် နှစ်ပေါင်း ၁၀၀ ခန့် ကြာမြင့်နေပြီဖြစ်သည့်  ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးသော်တာငြိမ်းက အဖွင့်အမှာစကား ပြောကြားပြီး ဥပဒေမူကြမ်း တစ်ချက်ခြင်းစီအား သုံးသပ်ခြင်း၊ အကြံပြုတင်ပြခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်တွင် ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ယစ်မျိုးဥပဒေ (မူကြမ်း)ပါ ပြဌာန်းချက်များကို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်အကြံပြု၍ စာတမ်းပုံစံဖြင့် တင်ပြလာသည့်အပေါ် လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပေါ်ထွက်လာသည့် ရလဒ်များကို အစီရင်ခံစာပုံစံ စာတမ်းပြုစု၍ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်)သို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အဆိုပါ အက်ဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းအားဖြင့် ခေတ်နှင့်လျော်ညီသည့် ဥပဒေအသုံးအနှုန်းများကြောင့် နားလည်မှုလွယ်ကူခြင်း၊ လက်ရှိအခြေအနေနှင့် လျော်ညီသည့် ဥပဒေဖြစ်ပေါ်လာနိုင်ခြင်း၊ ယစ်မျိုးဥပဒေနှင့်စပ်လျဉ်းသည့် ရှုပ်ထွေးမှုများကို ပြည်သူလူထုမှ အလွယ်တကူ သိမြင်နားလည်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လာနိုင်ခြင်း စသည့်အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment