Friday, June 23, 2017

ကျေးလက်နေပြည်သူများ သွားလာမှု လွယ်ကူစေရန် ကျောက်ချောလမ်း ခင်းကျင်းဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး



နေပြည်တော်    ဇွန် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ကျေးလက်နေပြည်သူများ သွားလာမှု အစဉ်ပြေ ချောမွေ့စေရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လူထုဗဟိုပြု စီမံကိန်း (ပထမနှစ်)တွင် ကျေးရွာနေပြည်သူ့လူထု ပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာအတွင်း ကျောက်ချောလမ်းခင်းခြင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွာသာကျေးရွာအုပ်စု၊ မျောက်လွတ်ကုန်းကျေးရွာနှင့် လဲလူးအိုင်းကျေးရွာအုပ်စု၊ ရှမ်းစုလေးကျေးရွာများသို့ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ဦး၊ မြို့နယ်လူထုဗဟိုပြု စီမံကိန်း အဖွဲ့ခေါင်းဆောင်၊ လူထုဗဟိုပြုစီမံကိန်း(နေပြည်တော်) တာဝန်ခံ အင်ဂျင်နီယာနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးစဉ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက တာဝန်ယူ လုပ်ငန်း ဆောင်ရွက်နေသူများကို လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ သက်မှတ်ကာလအတွင်း စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီး ဆောင်ရွက်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ကျောက်ချောလမ်းခင်းရာတွင် မျောက်လွတ်ကုန်းကျေးရွာ ကျောက်ချောလမ်းအား အရှည်(၆၂၀)ပေ ၊အကျယ်(၁၂)ပေနှင့် ထုထည်(၉)လက်မရှိပြီး၊ ခွင့်ပြုရန်ပုံငွေ ကျပ်(၇၀)သိန်း၊ (၄)သောင်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ရှမ်းစုလေးကျေးရွာ လမ်းကိုအရှည်(၉၉၀)ပေ ၊အကျယ်(၁၃)ပေနှင့် ထုထည်(၉)လက်မ ခွင့်ပြုရန်ပုံငွေ ကျပ်(၉၉)သိန်း၊ (၂)သောင်းဖြင့် ဆောင်ရွက်လျက်ရှိကာ အဆိုပါ ကျောက်ချောလမ်းပြီးစီးသွားပါက ကျေးရွာနေ လူဦးရေ(၂၀၄၉)ကျော်တို့သည် စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးတို့အတွက် သွားလာမှု ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)

No comments:

Post a Comment