Friday, June 23, 2017

ပင်လည်ဘူးမြို့၌ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေဖြင့် ဆောက်လုပ်သော KG ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ



ပင်လည်ဘူး   ဇွန်  ၂၃
စစ်ကိုင်တိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ရွာသာယာအုပ်စု ဝဲလာကျေးရွာ အလယ်တန်းကျောင်းခွဲ KG ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၉ နာရီအချိန် အဆိုပါ အဆောက်အအုံရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်ကိုမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ၁၄၃ သိန်းကျော်၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ၁၁ သိန်းကျော်ဖြင့် ဆောက်လုပ်ကာ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင် ၁၂ ပေ၊ သွပ်မိုး နံကပ် သမံတလင်းခင်း တစ်ထပ် အမျိုးအစား ဖြစ်ပြီး KG တန်းမှ ၈ တန်းအထိ ရှိပြီး ကျောင်းသား/သူ ၂၆၃ ဦး၊ ဆရာ/မ ၁၂ဦး ရှိကြောင်း သိရသည်။   
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဦးဖြိုးသူမောင်၊ လူထုဗဟိုပြု စီမံကိန်း ကျား၊ မရေးရာနှင့် ဝေဖန်အကြံပြု ဖြေရှင်းရေး တာဝန်ခံ ဦးမြတ်သူ၊ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမောင်မြင့်၊ ကျေးရွာခွဲ ခေါင်းဆောင် ဦးသန်းကြိုင်တို့က    KG ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ လက်ထောက်မြို့နယ် ပညာရေးမှူးတို့က  အဖွင့်အမှာစကား ပြောကြားပြီးနောက် လူထုဗဟိုပြုစီမံကိန်းမှ လူထုစည်းရုံးရေးမှူး ဒေါ်ထက်ရဝေလှိုင်က ရွာသာယာကျေးရွာအုပ်စု ကျေးရွာ စီမံကိန်း လုပ်ငန်းများ အကြောင်းကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဝဲလာကျေးရွာ စီမံကိန်းအထောက်အကူပြု  ကော်မတီဥက္ကဌ ဒေါ်သန်းသန်းဝေက ကျေးဇူးတင်စကား ပြောကြားကာ လူထုဗဟိုပြုစီမံကိန်းမှ ကျား၊မရေးရာနှင့် ဝေဖန်အကြံပြုချက်ဖြေရှင်းရေး တာဝန်ခံဦးမြတ်သူက နိဂုံးချုပ်အမှာစကား ပြောကြားပြီး ကျောင်းသား ကျောင်းသူလေးများက တေးသီချင်းအကအလှများဖြင့် သီဆိုဖျော်ဖြေကပြကြကြောင်း သိရသည်။
အခမ်းအနားသို့  တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ မြို့နယ်လူထု ဗဟိုပြု စီမံကိန်းဝန်ထမ်းများ၊  ဖိကြားထားသည့် ဧည့်သည်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြကြောင်း သိရသည်။
မျိုးလွင် (ပြန်/ဆက်-ပင်လည်ဘူး)

No comments:

Post a Comment