Monday, June 19, 2017

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျိုးစေ့ထုတ်ခြံ (၈)ခုမှ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးလျက်ရှိ



မုံရွာ ဇွန် ၁၉
စပါးနှင့် ပဲသီးနှံ၊ ဆီထွက် သီးနှံများကို စိုက်ပျိုးရေးတောင်သူများ ဈေးနှုန်းချိုသာပြီး အထွက်နှုန်း ကောင်းသည့် သီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ရွှေဘို၊ ရေဦး၊ ခင်ဦး၊ မုံရွာ၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့ထုတ်စခန်း (၈)ခုမှ မျိုးကောင်းမျိုးသန့်များကို ဘဏ္ဍာနှစ် အလိုက် ထုတ်လုပ်ဖြန့်ချီပေးလျက်ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဦးမြို့နယ် ရေဦးခြံ၊ ရွှေဘိုမြို့နယ် ချီပါခြံ၊ ခင်ဦးမြို့နယ် ဂွေးကုန်းခြံ မုံရွာ မြို့နယ်အတွင်း ကြေးမုံကျေးရွာရှိ ကြေးမုံခြံ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ မြေမွန်ခြံနှင့် ကန့်ဘလူခြံ၊ တန့်ဆည် မြို့နယ်အတွင်းရှိ ဝက်တိုး(၁)နှင့်ဝက်တိုး(၂) စသည့်ခြံ(၈)ခြံမှ မျိုးကောင်း မျိုးသန့် စပါး၊ ပဲစင်းငုံ၊ ကုလားပဲ၊ နေကြာ၊ အစေ့ထုတ်ပြောင်းမျိုးစေ့များ ထုတ်လုပ်ပြီး တိုင်းဒေသကြီးအတွင်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

''အခုနောက်ပိုင်းမှာ ရာသီဥတုတွေ ပြောင်းလဲလာတဲ့အတွက် စိုက်ပျိုးရေလုံလောက်စွာ မရှိတာတွေ၊ မြေဆီလွှာ ပျက်စီးမှုတွေ၊ ပိုးမွှားအန္တရာယ်ကျရောက်တာတွေကြောင့် စိုက်ပျိုးတဲ့သီးနှံတွေမှာ အထွက်နှုန်း ကျဆင်းလာတဲ့ အတွက် ဒေသရဲ့ရာသီဥတု၊ မြေအခြေအနေနဲ့ကိုက်ညီတဲ့မျိုးကောင်းမျိုးသန့်တွေကို စိုက်ပျိုးရေး သုတေသနခြံတွေ စမ်းသပ်ထုတ်လုပ်ပြီးတော့ ဖြန့်ဝေတဲ့ မျိုးစေ့တွေကို မျိုးစေ့ထုတ်စခန်းတွေမှာ စိုက်ပျိုးပြီး တောင်သူတွေ လက်ထဲအရောက် ဖြန့်ဝေပေးတာပါ၊ ဟိုတုန်းက တိုင်းဒေသကြီးအတွင်းမှာ စိုက်ပျိုးဖို့ပဲ ထုတ်လုပ်တာပါ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်က စပြီး မုံရွာမြို့နယ် ကြေးမုံမျိုးစေ့ထုတ် စခန်းကနေပြီး ထုတ်တဲ့ ပဲစင်းငုံ မျိုးစေ့တွေကို အခြားတိုင်းဒေသကြီးတွေ အထိကို ဖြန့်ဝေပေးနိုင်တဲ့အထိ ထုတ်လုပ်နေပါပြီ''ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါမျိုးစေ့ထုတ်စခန်းများဖြစ်သော ရေဦးမြို့နယ် ရေဦးခြံ၊ ရွှေဘိုမြို့နယ်ချီပါခြံ၊ ခင်ဦးမြို့နယ် ဂွေးကုန်းခြံတို့မှ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ မှော်ဘီ(၂)၊ ဆင်းသုခ၊ ဆင်းဧကရီ-၃၊ ရွှေဘို-၂၊ ရက်-၉ဝနှင့် ပြည်မြန်မာစိန် စသည့် စပါးမျိုးစေ့များကို လည်းကောင်း၊  မုံရွာမြို့နယ် ကြေးမုံခြံမှ  ကုလားပဲ(ရေဆင်း-၆) ပဲစင်းငုံ(မုံရွာရွှေဒင်္ဂါး)၊ နေကြာ(ရေဆင်းစပ်မျိုး-၁)၊နှင့် မတ်ပဲ(ရေဆင်း-၂) မျိုးစေ့များကိုလည်းကောင်း၊ ကန့်ဘလူမြို့နယ် မြေမွန်ခြံမှ အစေ့ထုတ်ပြောင်း(ရေဆင်း-၁ဝ) နေကြာ(ရေဆင်းစပ်မျိုး-၁)၊ နှမ်း(ဆင်းရတနာ-၃)၊ ပဲစင်းငုံ(မုံရွာရွှေဒင်္ဂါး)၊ ပဲတီစိမ်း (ရေဆင်း-၁၁)နှင့် (၁၄)၊ မြေပဲ(ဆင်းပဒေသာ-၁၁)၊ မျိုးစေ့များကို လည်းကောင်း၊ ကန့်ဘလူခြံ၊ တန့်ဆည်မြို့နယ် ဝက်တိုး(၁)ခြံနှင့်ဝက်တိုး(၂)ခြံတို့မှ ပဲစင်းငုံ(မုံရွာရွှေဒင်္ဂါး)၊ နေကြာ(ရေဆင်းစပ်မျိုး-၁)၊ မတ်ပဲ(ရေဆင်း-၃)၊ နှမ်း(ဆင်းရတနာ-၃)၊ မြေပဲ(ဆင်းပဒေသာ-၁၁ဝ၊ ပဲတီစိမ်း (ရေဆင်း-၁၄)၊ မတ်ပဲ(ရေဆင်း-၂)၊ နှမ်း(သိပ္ပံနှမ်းနက်)၊ ပဲတီစိမ်း(ရေဆင်း-၁၁)၊ နှမ်း(ဆင်းရတနာ-၂)၊ ကုလားပဲ(ရေဆင်း-၈)မျိုးစေ့များကိုလည်းကောင်း ထုတ်လုပ်ဖြန့်ချီ ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)         

No comments:

Post a Comment