Monday, June 19, 2017

သထုံတွင် ကျေးလက်ဒေသအရောက် တိုင်းရင်းဆေးဖြင့် အခမဲ့လိုက်လံကုသပေး

 
သထုံ    ဇွန်    ၁၉

မွန်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကာ ကျေးလက်နေပြည်သူများ တိုင်းရင်းဆေးနှင့်ပတ်သတ်သည့် ကျန်းမာရေး ဗဟုသုတများ ရရှိစေရန်အတွက် ဇွန်လ ၁၈ ရက်နေ့က သထုံမြို့နယ်၊ တံတားဦး ကျေးရွာအုပ်စု၊ တံတားဦးဘုန်းတော်ကြီးကျောင်းသစ်တွင် ဒေသခံများအား အသိပညာပေးဟောပြောပြီး တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကို တိုင်းရင်းဆေးရဲ့အကျိုးအာနိသင်တွေ၊ အသုံးပြုပုံတွေကို နားလည်စေချင်လို့ ခုလို ကျေးလက် ဒေသတွေအထိ ကွင်းဆင်းတာပါ။ မွန်ပြည်နယ်ထဲမှာရှိတဲ့ ကျေးရွာ တော်တော် များများကို မြို့နယ်အသီးသီးမှာရှိတဲ့ တိုင်းရင်းဆေး ပညာရှင်တွေက လစဉ် တစ်လကို အနည်းဆုံး တစ်ရွာ စီမံချက်ထားပြီး ကွင်းဆင်းကုသပေးနေပါတယ်” ဟု ပြည်နယ်တိုင်းရင်းဆေး ဦးစီးဌာနမှူး ဦးအောင်သန်းဝင်းက​ ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တိုင်းရင်းဆေးကုဌာန ၁၁ ခုရှိပြီး မော်လမြိုင်တွင် ကုတင် ၅၀ ဆံ့ နှင့် သထုံတွင် ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံများ ဖွင့်လှစ်ထားပြီးဖြစ်ကာ နေ့စဉ် ၂၄ နာရီ လူမျိုးဘာသာမရွေး ၀န်ဆောင်မှုများ ပေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
           
တံတားဦးကျေးရွာနေ ဦးညိုက “အနောက်တိုင်းဆေးတွေထက် တိုင်းရင်းဆေးကို ပိုယုံတယ်။ ဆေးဖက်ဝင် အပင်တွေကို သဘာဝအတိုင်း ဖော်စပ်ထားပြီးတော့ ရေရှည်လည်း အသုံးပြုလို့ ကောင်းတယ်။ အကုန်အကျလည်း သက်သာတယ်။ ခု အစာအိမ် မကောင်းလို့ လာပြတာ ဆေးတွေ အခမဲ့ပေးတယ် ဒါကုန်ရင် အလွယ်တကူ ဖော်စပ်နိုင်အောင်လည်း ပြပေးတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါနေ့တွင် ပြည်နယ်တိုင်းရင်းဆေးမှူးနှင့် တိုင်းရင်းဆေးပညာရှင်များက တိုင်းရင်းဆေး၏ အကျိုးကျေးဇူးများ၊ လက်တွေ့အသုံးချပုံနှင့် ကျန်းမာရေးအသိပညာများကို ဆွေးနွေးဟောပြောပြီး တံတားဦးကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူ ၁၀၀ နီးပါး ခန့်အား အခမဲ့ဆေးဝါးများ ကုသပေးခဲ့ကြကြောင်း သိရသည်။

သက်ဦး(သထုံ)

No comments:

Post a Comment