Friday, June 9, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ဒေးဗစ် ဂျွန်စတန်နှင့် တွေ့ဆုံ




အော်တာဝါ ဇွန် ၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံ ဘုရင်ခံချုပ် မစ္စတာ ဒေးဗစ် ဂျွန်စတန်တို့ ဇွန် ၈ ရက်  ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အော်တာဝါမြို့ရှိ ဘုရင်ခံချုပ်နေအိမ် Rideau ခန်းမ၌  တွေ့ဆုံခဲ့ကြသည်။


ထိုသို့ တွေ့ဆုံစဉ် ပညာရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ရှေးဟောင်း အဆောက်အဦများနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် Andaz Ottawa Market ဟိုတယ်၌ ဖက်ဒရယ် နိုင်ငံများ ဖိုရမ်မှ စီစဉ်ကျင်းပသည့် ကနေဒါနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် တပ်မတော် ၏ အခန်းကဏ္ဍ၊ တပ်ဘက် - အရပ်ဘက် ဆက်ဆံရေး၊ ကနေဒါ ရဲတပ်ဖွဲ့၏ အခန်းကဏ္ဍ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ဖက်ဒရယ် လေ့လာရေးခရီးစဉ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုရွန်တိုမြို့ ကွင်းပါခ့်၌ အွန်တိုရီယို ပြည်နယ် ၀န်ကြီးချုပ် မစ္စကက်သရင်းဝင်း နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ လူမျိုးစုများအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် ကနေဒါနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် ဖက်ဒရယ်စနစ်ဆိုင်ရာ အတွေ့အကြုံ များ မျှဝေသွားရေး၊ လူငယ်များ အချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်သွားရေးအတွက်  နှစ်နိုင်ငံအကြား ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ အပြန်အလှန် စေလွှတ်ရေး၊ အွန်တိုရီယို ပြည်နယ်မှ စေတနာ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ လာရောက်ရေး တို့နှင့်စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးကျော်တင်၊ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment