Thursday, June 15, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး ၏ ကျန်းမာရေးအခြေအနေ သွားရောက်ကြည့်ရှုအားပေး


ရန်ကုန်-ဇွန် ၁၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးဝါးကုသမှု ခံယူနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး အား သွားရောက် တွေ့ဆုံ၍ ကျန်းမာရေးအခြေအနေကို ကြည့်ရှု မေးမြန်းကာ အားပေးစကား ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုနှင့် တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိ ကျန်းမာရေးအခြေအနေများနှင့် တိုးတက် လာမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြောရောဂါ ခွဲစိတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင် ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး စကား ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် လက်ရှိကာလတွင် ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်လာမှုများရှိ၍ ယခု ဇွန်လကုန်ခန့်တွင် ဆေးရုံမှ ပြန်လည်ဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပုံမှန်အတိုင်း ပြောဆိုလှုပ်ရှား နိုင်ရေးအတွက်မူ နေအိမ်၌ အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့် ခန်းများ ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြော ပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါခံစားရသဖြင့် မေ(၁၈)ရက်မှစ၍ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက် ဆေးဝါး ကုသနေခြင်းဖြစ်ရာ ၎င်း၏ကျန်းမာရေး အခြေအနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင် တို့သည် ဇွန် ၆ ရက်တွင်လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၃ ရက်တွင်လည်းကောင်းသွားရောက်ကြည့်ရှု အားပေးခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယ အကြိမ်ထပ်မံသွားရောက် ကြည့်ရှု အားပေးခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment