Thursday, June 15, 2017

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် ဇွန်  ၁၄
အမှတ်(၈)အထည်စက်ရုံ (ပျော်ဘွယ်)ကြီးကြပ်မှုအောက်ရှိ ၀ါစိုက်ကွင်းမြေ ၃၂၅ ဒသမ ၇၉ ဧကအနက် ၁၀၂ ဒသမ ၆၄ ဧကကို ပျော်ဘွယ်မြို့ မြို့ပြအင်္ဂါရပ်နှင့်အညီ တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတော်သို့ ပြန်လည် အပ်နှံသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ပျော်ဘွယ်မြို့နယ်တွင် မြို့နေလူထု တိုးပွားလာမှု၊ ၀န်ထမ်း အိမ်ရာမလုံလောက်မှု၊ ကျူးကျော်အိမ်ထောင်စုများ များပြား လာမှုတို့ကြောင့် မြန်မာ့အထည်လိပ် လုပ်ငန်း စက်မှုကုန်ကြမ်းစီမံဌာနပိုင်မြေမှ အသုံး မပြုတော့သည့်မြေအား မြို့မြေအဖြစ် လွှဲပြောင်း သတ်မှတ် ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်) ကြီးကြပ်မှုအောက်ရှိ ပျော်ဘွယ် ၀ါစိုက်ကွင်း မြေဧရိယာ စုစုပေါင်းမှာ ၃၂၉ ဒသမ ၇၉ ဧက ကျယ်ဝန်းပါကြောင်း၊ ယခုအခါ ၀ါစိုက်ပျိုး မှုမရှိသော ကွင်းအမှတ်(၁၈၈)/ ဘူတာ ရုံကွင်းမြေ ၃၅ ဒသမ ၈၆ ဧကနှင့် ကွင်းအမှတ် (၁၄၉)/တနင်္ဂသီကွင်း၏တောင်ဘက် တစ်စိတ်တစ်ဒေသ ဖြစ်သောမြေ ၆၆ ဒသမ ၇၈ ဧက စုစုပေါင်း ၁၀၂ ဒသမ ၆၄ ဧက (ဂေါက်ကွင်း မြေအပါအ၀င်)ကို လိုအပ်ချက်နှင့်အညီ စွန့်လွှတ်သွားမည်ဖြစ်ပြီး ကျန် ၂၂၃ ဒသမ ၁၅ ဧကကို အထည်စက်ရုံများအတွက် အရည်အသွေးပြည့်မီသည့် မျိုးပြုပြင်ထားပြီးဖြစ်သော ချည်မျှင်ရှည်ဝါများကို တိုးချဲ့စိုက်ပျိုးရန် ချန်လှပ်ထားမည်ဖြစ် ပါကြောင်း၊ ၀ါစိုက်ကွင်းမြေ ၃၂၅ ဒသမ ၇၉ ဧကအနက် (ဂေါက်ကွင်းမြေအပါအ၀င်) ၁၀၂ ဒသမ ၆၄ ဧကကို ပျော်ဘွယ်မြို့နယ်တွင် မြို့ပြအင်္ဂါ ရပ်နှင့်အညီ လူမှုစီးပွားရေး ဘ၀များ ကောင်းမွန်စွာ တည်ဆောက်နိုင်ရေးအတွက် လုပ်ထုံး လုပ်နည်း များနှင့်အညီ နိုင်ငံတော်သို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ နမ္မတူမြို့မရဲစခန်း၊ အချုပ်ခန်း၊ အပြင်ပတ်လမ်းရှိ ဆွေးမြည့်နေသော သစ်သားချောင်းများ၊ အကာအရံများ အား ပြုပြင်ပေးရန်၊ အချုပ်သားများအတွက် ဆေးရုံအချုပ်ခန်း သို့မဟုတ် အခန်းတစ်ခန်း သီးသန့်ဆောင်ရွက်ပေးရန်၊ ရဲအင်အားတိုးမြှင့်ပေးရန်၊ နမ္မတူနှင့် ဘော်တွင်းရှိ ရဲစခန်းနှင့် ရဲဝန်ထမ်းအိမ်ရာများ ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက နမ္မတူမြို့မရဲစခန်း အချုပ်အပြင် လျှောက်လမ်း/ ပတ်လမ်းရှိ ဆွေးမြေ့နေသော အခင်းသစ်သားချောင်းများ အား ၂၀၁၅ ခုနှစ် ဇွန် ၂၅ ရက်တွင် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း။
အချုပ်ခန်းအဆောက်အဦ၏ အပြင်ဘက်အကာအရံများမှာ သစ်သားများဖြင့် ကာရံထားရှိသည့်အတွက် ပိုမိုခိုင်ခံ့သည့် သံချောင်း/ သံဇကာတို့ဖြင့် ပြန်လည်ပြင်ဆင် နိုင်ရေးအတွက် ငွေကျပ် ၄၆၅၈၂၄၀ အား ပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေမှ ခွင့်ပြုပေး ထားပြီး ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ နမ္မတူ မြို့နယ် ပြည်သူ့ဆေးရုံ သည် ကုတင်(၁၀၀)ဆံ့ ဆေးရုံဖြစ်၍ ၂ ထပ်ဆောင် ၁ ဆောင်သာရှိပြီး လူနာဆောင် များမှာ အခန်းကျယ်များဖြစ်ပြီး အချုပ်သား လူနာတက်ရောက်မှုမှာ ယခင်နှစ် ၄ဦး၊ ယခု နှစ် ၅ ဦးသာရှိသဖြင့် တရားခံများ ဆေးရုံတက်ပါက အချုပ်သားများအတွက် သီးခြားကု သသည့် ဆေးရုံ အချုပ်ခန်း ဆောင်ရွက်ပေးနိုင်သည့် အခြေအနေမရှိပါကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအင်အား၏ ၄၇ ဒသမ ၆၉ ရာခိုင်နှုန်းဖြင့်လည်း ကောင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအင်အား၏ ၄၇ ဒသမ ၇၆ ရာခိုင်နှုန်းဖြင့် လည်းကောင်း လုပ်ငန်းတာဝန်များ ဆောင်ရွက် လျက်ရှိပါကြောင်း၊ တပ်ဖွဲ့ဝင် ၁၀ ဦး အား နမ္မတူမြို့နယ်ရဲတပ်ဖွဲ့သို့ ဖြည့်တင်း တာဝန်ချ ထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင်  နယ် မြေအခြေအနေအရ ခေတ္တရုပ်သိမ်းထားသော ဘော်တွင်း နယ်မြေ ရဲစခန်းမှ အရာရှိ ၁ ဦးနှင့် အခြားအဆင့် ၄ ဦးအား တွဲဖက်တာဝန်ချထားသဖြင့် လက်ရှိတွင်ဖွဲ့စည်းပုံ၏ ၂၄ ဒသမ ၁၁ ရာခိုင်နှုန်းဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိပါကြောင်း။
နမ္မတူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ဘော်တွင်းနယ်မြေရဲစခန်းရုံး(အချုပ်ပါ) ၁လုံးတို့ အားသံကူကွန်ကရစ်ဖြင့် အသစ် ဆောက်လုပ်ပေးနိုင်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် ရန်ပုံငွေများ လျာထားတင်ပြတောင်းခံ ခဲ့ရာ ရန်ပုံငွေရရှိခဲ့ခြင်းမရှိသဖြင့် လာမည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ဖြည့်စွက်)တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံ ငွေခွင့်ပြုချက် အရ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ကမာရွတ်မဲဆန္ဒနယ်မှ ဦးကျော် မင်း၊ ထားဝယ်မဲ ဆန္ဒနယ်မှ ဦးအောင်စိန်နှင့် လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်းတို့၏ လုပ်ငန်းငယ်များကိုစုစည်း၍ နည်းပညာနှင့် ငွေကြေးပံ့ပိုးရေး၊ ကမာရွက်မြို့နယ်တွင် မီးသတ်စခန်းဖွင့်လှစ်ပေးရေး၊ မေတ္တာမြို့ မြေကွက် များကို နှစ်ပေါင်း(၉၀)အထိ လဲလှယ် ခွင့်ရှိသော ဂရန်များထုတ်ပေးရေးနှင့် လင်းခေးမြို့ရှိ လူထုရုံကြီးအား အသစ်ပြန်လည် တည်ဆောက်ပေးရေးဆိုင်ရာမေးခွန်းများကိုလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးခင်မောင်ချိုနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ပြန်လည် ဖြေကြားခဲ့သည်။
ထို့နောက် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို တင်သွင်းထားသည့် နိုင်ငံ၏ အလုပ် လက်မဲ့ ပြဿနာများ တဖြည်းဖြည်း လျော့နည်းကျဆင်းလာရေး နိုင်ငံတော်အစိုးရမှ စနစ်တကျ စီမံချက်ချ အကောင်အထည်ဖော်ဆောင်ရွက်ရေး တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စား လှယ် များက ဆွေးနွေးကြသည်။
ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်က အလုပ်အကိုင်များမှ ရရှိသည့် လုပ်ခလစာသည် နည်းပါး လွန်းသည့်အတွက် မိသားစု စားသောက်ရေးအတွက် မဖူလုံပါကြောင်း၊ ထို့ကြောင့် ပြည်ပသို့ ထွက်ခွာ၍ အလုပ်သွားလုပ်နေကြပါကြောင်း၊ အချို့ရွာများတွင် လယ်လုပ်မည့်သူများ မရှိတော့ပါကြောင်း၊ ပြည်ပသို့ တရားဝင်သွား ရောက်သူထက် တရားမ၀င်သွားရောက်သူက ပိုများနေပါကြောင်း၊ ယခုအခါ နိုင်ငံခြား တွင် အလုပ် လုပ်နေသော မြန်မာများသည် ဖိနှိပ်ခံရခြင်း၊ အကြောင်းမဲ့ အလုပ် ထုတ်ခံရခြင်း၊ လစာလျှော့ ချခြင်းများ ခံနေရပါကြောင်း ဆွေးနွေးသည်။
ဒက္ခိဏသီရိမဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းက စီးပွားရေးမှန်ကန်စွာ ဖွံ့ဖြိုးတိုးတက် မှာသာ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ အလုပ် အကိုင်များစွာဖန်တီးပေးသည့် လယ်ယာ ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ကုန် သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး ရေးနှင့် မွေးမြူရေးဆိုင်ရာတက္က သိုလ်များ တိုးချဲ့ဖွင့်လှစ်၍ သင်တန်းသားများ တိုးမြှင့်ခေါ်ယူရန် လိုအပ် ပါကြောင်း၊ မြေကွက်များရယူပြီး အကောင်အထည်မဖော်ဖြစ်သော စက်မှုဇုန်များကို ထိထိရောက် ရောက် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ၀န်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင်၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ ဒီမော့ဆိုမဲဆန္ဒနယ်မှ ဦးပေါလ် ဆိုင်း၊ ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်တို့က ဆွေးနွေးကြသည်။
အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင် မောင်ဝင်းက နိုင်ငံတော်က အားပေးကြိုဆိုသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများတွင် အလုပ် အကိုင်အခွင့်အလမ်းများစွာဖန်တီးပေးနိုင်ပြီး ကျွမ်းကျင်မှုမြင့်မားရေးအတွက်အထောက် အကူပြုသည့် အသက်မွေးဝမ်းကြောင်းပညာများ လေ့ကျင့် သင်ကြားပေးနိုင်သော လုပ် ငန်းများကို ဦးစားပေးလုပ်ငန်းများအဖြစ် ထည့်သွင်းထားပါကြောင်း၊ ပြည်သူ များ၏ အလုပ်အကိုင် အခွင့်အလမ်းပေါ်ပေါက်လာစေရေးအတွက် စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်း ကျွမ်းကျင် သူနေရာများတွင် နိုင်ငံသားများခန့်အပ်နိုင်ရေး အစီအစဉ်များ ထည့် သွင်းထားပါကြောင်း၊ ထို့ပြင် ကျွမ်းကျင်မှုမလိုအပ်သည့် လုပ်ငန်းများတွင် နိုင်ငံသား များကိုသာ ခန့်ထားရန် ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အလုပ်အကိုင် ၁၄၁၄၄၅ နေရာဖန်တီးပေးနိုင်ခဲ့ပါကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားရေးအတွက် သွယ်ဝိုက်သောနည်းအားဖြင့် အခွန်သက်သာခွင့် ပေးခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း၊ ဘဏ္ဍာရေးထောက်ပံ့ပေးခြင်း၊ ဘဏ္ဍာငွေအရင်းအမြစ်များကို အလွယ် တကူရရှိစေရန် ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်း၊ ငွေကြေးနှင့်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ ချောမွေ့စွာ လည်ပတ်နိုင်ရန်ပံ့ပိုးဆောင် ရွက်ပေးခြင်းတို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ပြည်တွင်း တွင် နေထိုင်မှုစရိတ်နှင့်လျော်ညီသည့် လုပ်ခလစာစရိတ်များ ရရှိခံစားနိုင်မည့် အလုပ် အကိုင်အခွင့်အလမ်းကောင်းများကိုဖန်တီးပေးခြင်းဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ သွား ရောက် အလုပ် လုပ်ကိုင်နေကြသည့် လုပ်သားများအနေဖြင့်လည်း နိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာကြရန် မျှော်မှန်း ထားပါကြောင်း၊ နိုင်ငံတော်၏ အလုပ်လက်မဲ့ ပြဿနာများလျော့နည်းကျဆင်းရေးကိစ္စသည် ကျယ်ပြန့်ပြီး ရေရှည်ဆောင်ရွက်ရမည့် ကိစ္စပြီး နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒများနှင့်အညီ စနစ်တကျ အစီအမံ များချမှတ် ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် အဆိုအားမှတ်တမ်းတင်ပေးပါရန် တင်ပြပါ ကြောင်း  ရှင်းလင်းသည်။
ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ တင်ပြခြင်း၊ အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခြင်းနှင့် အစီရင် ခံစာ ဖတ်ကြားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment