Thursday, June 15, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနှင့် ဆွီဒင်နိုင်ငံ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


ရန်ကုန် - ဇွန် ၁၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါနိုင်ငံ ၀န်ကြီးချုပ် မစ္စတာဂျက် စတင်ထရူးဒိုး၊ ဆွီဒင်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာအော်ရိဘန် အာလင်းနှင့် ၀န်ကြီးချုပ် မစ္စတာစတီဖန် လိုဗန်တို့၏ ဖိတ်ကြားချက်များအရ ကနေဒါနှင့် ဆွီဒင်နိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေး ခရီးသွား ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့အား ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E. Mrs. Karen Mac Arthur၊ ဆွီဒင်နိုင်ငံသံရုံးမှ ကောင်စစ်ဝန် Ms. Ann Constance Stodberg နှင့် တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇွန် ၆ ရက် တွင် ကနေဒါနိုင်ငံ အော်တာဝါမြို့၌ ကျင်းပသည့် ဖက်ဒရယ်နိုင်ငံများဖိုရမ်ကို တက်ရောက် ခဲ့ပြီး ကနေဒါနိုင်ငံ၏ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွင် ရင်ဆိုင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို လေ့လာခြင်း၊ ဇွန် ၇ ရက်တွင် ကနေဒါနိုင်ငံဝန်ကြီးချုပ် မစ္စတာဂျက်စတင်ထရူးဒိုးနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-ကနေဒါ နှစ်နိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကောင်းမွန် သည့် စီမံအုပ်ချုပ်ရေး၊ အမျိုးသမီးများနှင့် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေုး၊ စိုက်ပျိုးရေးကဏ္ဍအတွက် ခေတ်မီနည်းပညာများ ကူညီပံ့ပိုးရေး၊ မြန်မာနိုင်ငံမှ အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အသွင်ကူးပြောင်းရေးကာလ၌ ရင်ဆိုင်ကြုံ တွေ့နေရသည့် အခက်အခဲများကို ကျော်လွားနိုင်ရေးအတွက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည့် အပြင် ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံသို့ တည်ငြိမ်မှုမြှင့်ရေးနှင့် လူသားချင်းစာနာ ထောက်ထားရေးအတွက် ကူညီပံ့ပိုးပေးမည့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်း ပေးအပ်မည့် အစီအစဉ်ကိုလည်း သဘောတူညီမှုရယူနိုင်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွီဒင်နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ဇွန် ၁၃ ရက်တွင် Olof Palme International Prize 2015 ဆုလက်ခံယူခြင်း၊ ဆွီဒင်ဝန်ကြီးချုပ် မစ္စတာစတီဖန်လိုဗန်နှင့် တွေ့ဆုံ၍ အသွင်ကူးပြောင်းဆဲကာလတွင် မြန်မာနိုင်ငံ၏စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အတွက် ဆွီဒင်နိုင်ငံမှ ဆက်လက် ကူညီပံ့ပိုးပေးရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆွီဒင်နိုင်ငံမှ ချမှတ်အကောင် အထည် ဖော်မည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင် အသစ်အောက်တွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြှင့်နည်းပညာများ ဖလှယ်ရေးနှင့် ဈေးကွက် ဖန်တီးပေးရေး၊ ကုန်သွယ်ရေး၊ ပညာရေး နှင့်သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment