Wednesday, June 7, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ ကျင်းပ


နေပြည်တော် ဇွန် ၇
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ပိုင်ခွင့် ပြင်ဆင်သတ်မှတ်ခြင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူသည်။

ထို့နောက် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းဒေါက်ကျေးရွာ၊ တရွန်အိုင်ကျေးရွာနှင့် ကျီးလေကျေးရွာ တို့ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) များအား အခြေခံပညာ အလယ်တန်းကျောင်းများ အဖြစ် လာမည့် ကျောင်းဖွင့်ချိန်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းဒေါက်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ) တရွန်အိုင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် ကျီးလေ အောက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့အား ခရီးအကွာအဝေး ကွာခြားမှုအရ ကျောင်းသားဦးရေ ပြည့်မီမှု မရှိသော်လည်း ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်တွင် အခြေခံပညာ အလယ်တန်းကျောင်းများ အဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

ယင်းနောက် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့ နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်တို့၏ ပညာရေး ကဏ္ဍဆိုင်ရာ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံ စာကို ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ   ဦးအောင်သိန်း က ပြန်လည်ဖတ် ကြား ရှင်းလင်းသည်။ 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော် ၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်း၏ ထောင်စုနှစ် ရည်မှန်းချက် (၁၇)ချက်မှ စတုတ္ထအချက်ဖြစ်သော Quality Education အတွက် မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ ၏ သင်ရိုးညွှန်းတမ်းတွင် အထွေထွေဘာသာရပ်အခန်း၌ “မျိုးဆက်ပွား ကျန်းမာရေး” “ပြည်သူ့နီတိ” “ဒီမိုကရေစီ” တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက် သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုးက ဖွံ့ဖြိုး တိုးတက်ပြီးသည့် နိုင်ငံများ၌ ၂၁ရာစု Education Skills များ ချမှတ်ရာတွင် Communication, Collaboration, Critical Thinking, Creativity ဆိုသည့် Skill ၄ခု တွေ့ရမှာ ဖြစ်ပါကြောင်း၊ Communication Skill တွင် မိဘနှင့် သားသမီး၊ ဆရာနှင့် ကျောင်းသား၊ အုပ်ချုပ်သူနှင့် ပြည်သူ၊ ပြည်သူလူထုအကြား အပြန်အလှန် ဆက်သွယ်ပြန်ကြားမှု ဆိုသည့် ပြည်သူ့နိတိနှင့် ဒီမိုကရေစီ အခြေခံ သဘော၏ အရေးကြီးပုံကို တွေ့ရမှာ ဖြစ်ပါကြောင်း။

Collaboration Skill တွင် အများနှင့် ပူးပေါင်း ဆောင်ရွက်တတ်ရန်၊ အများ အကျိုးသယ်ပိုး ဆောင်ရွက်တတ်ရန်နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်နိုင်မှုများ အားလုံးသည် ဒီမိုကရေစီ၏ ကျင့်စဉ်များ ဖြစ်ပါကြောင်း၊ Critical Thinking Skill ဟုခေါ်သည့် အကောင်းအဆိုး၊ အကြောင်း အကျိုးနှင့် ပိုင်းခြားဝေဖန် တွေးခေါ်နိုင်မှုသည် Capacity Building အများကြီး လိုအပ်နေသည့် မိမိတို့နိုင်ငံတွင် အခြေတည်ပေးရန် လိုအပ်ပါကြောင်း။

Creativity Skill ဟုခေါ်သည့် ဖန်တီး တီထွင်နိုင်စွမ်းသည် မိမိတို့နိုင်ငံအတွက် ကဏ္ဍတိုင်းတွင် လိုအပ်နေပါကြောင်း၊ မိမိတို့နိုင်ငံကို တည်ဆောက်သည့် နေရာတွင် Evolutionary System နှင့်အညီ ကိုယ်ကျင့်တရားနှင့် လုပ်ဆောင်ချက်များ မြှင့်တင်ရန် လိုအပ်သည့်အတွက် Quality Education ဖြစ်စေရန်အတွက် ပြည်သူ့နိတိနှင့် ဒီမိုကရေစီ ဘာသာရပ်များ၊ မျိုးဆက်ပွား ကျန်းမာရေး အသိပညာများ မိတ်ဆက်ပေးရုံ သာမက လက်ခံကျင့်သုံးနိုင်ရန် စီမံ ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးသည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာသန်းဝင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးရဲထွဋ်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး သိန်းလွင်ဌေး၊ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါ်လွီးဇာ၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဇော်မင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာ ၀င်းမြင့်ချစ်၊ ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ၀င်းမြင့်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) မှ ဦးလှဦးတို့က ဆက်လက် ဆွေးနွေးကြသည်။  

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက် နေ့ကို ဇွန်လ ၈ ရက်တွင် ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment