Wednesday, June 7, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ ကျင်းပ



နေပြည်တော် ဇွန် ၇
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ မေးခွန်း(၈)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခုနှင့် အဆို(၂)ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်း(၁)ခု ဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင် ရွက်ကြသည်။


အစည်းအဝေးတွင် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ မောက်မယ် မြို့နယ် ကဒူးကြီး ကျေးရွာအုပ်စု (ကုံးလုမ်း - ပန်းကျိုင်း - မိုက်ရှားစေး - ပုံစုတ်) ရွာချင်း ဆက်မြေသားလမ်း ဖောက်လုပ် ခြင်းကို ဆက်လက် ဆောင်ရွက်ပေးပါရန် မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကုံးလုမ်း- ပန်းကျိုင်း- မိုက်ရှားစေး- ပုံစုတ် မြေသားလမ်း ၄  မိုင် ဖောက်လုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တို့က စိစစ် ထောက်ခံတင်ပြ လာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး (၅)နှစ် စီမံကိန်းတွင် ထည့်သွင်းရေးဆွဲပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေ အဆိုပြု လျာထားနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ နမ္မတူမြို့နယ် နားကျဲကျေးရွာအနီးရှိ နားကျဲဘေလီတံတားအား ကွန်ကရစ်တံတားအဖြစ် ပြောင်းလဲ ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က နားကျဲတံတားသည် စုစုပေါင်းပေ ၁၁၀ အရှည်ရှိပြီး ၁၂ ပေအကျယ် နှစ်လွှာတစ် ထပ် ဘေလီတံတား ဖြစ်ပါကြောင်း၊ နားကျဲတံတားကို အရှည်ပေ ၁၁၀နှင့် ယာဉ်သွား လမ်းအကျယ် ၂၄ ပေ သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက် နိုင်ရန် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄၈၅ သန်းလျာ ထားတင်ပြ တောင်းခံခဲ့သော်လည်း မရရှိသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အတွင်းရှိ လမ်း(၁၀)လမ်းအား အမြန်ဆုံးခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရှိ လမ်း(၁၀)လမ်းအနက် ပင်လုံလမ်း၊ ရတနာပုံပတ်လမ်း၊ ဘုရင့်နောင်လမ်း၊ ပြည်ထောင်စု လမ်းသွယ်၊ ပြည်ထောင်စုလမ်း၊ မြိတ်လမ်း စသည့်လမ်း(၆)လမ်းမှာ ကွန်ကရစ်လမ်းများ ခင်းပြီးဖြစ်ပါကြောင်း၊ ကျန်စစ်သားလမ်းမှာ ကတ္တရာ ခင်းထားသော လမ်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့် လမ်း(၃)လမ်းအနက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနက အလျား ၁၃၅၁၂ ပေရှည်သည့် ရိုးမရိပ်သာလမ်းမကြီး ( အမှတ်- ၂ လမ်းမကြီးမှ ဒဂုံဆိပ်ကမ်း ကျီစု - ၁၆၈ ပဲခူးမြစ် ကမ်းနားပတ်လမ်းအထိ) လမ်းပိုင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြုငွေ ကျပ်သိန်း ၁၅၀၀ ဖြင့် ကွန်ကရစ်လမ်းပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း။

လမ်း(၁၀)လမ်းအနက် လှော်ကားလမ်း (ရိုးမရိပ်သာလမ်းမှ ကျီစုရွာအထိနှင့် ကျီစုရွာမှ အမှတ်- ၂ လမ်းမကြီးအထိ) မြေသားလမ်း ၂၁၈၃၂ ပေ လမ်းပိုင်း ၂ ခုကို လမ်းအသစ်ခင်းပေးရန် ကွင်းဆင်း တိုင်းတာ၍ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ပြီးဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုဘတ်ဂျက်မှ ရန်ပုံငွေ ခွင့်ပြုချက် ရရှိပါက လှော်ကားလမ်း အသစ် ဖောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

ရတနာပုံပတ်လမ်း ( ၅၄ ရပ်ကွက်မှ ကျန်စစ်သားလမ်းအထိ) မြေသားလမ်း ၅၁၄၁ ပေ လမ်းပိုင်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ပေးရန် ဆောက်လုပ်ရေးဝန် ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီတို့ ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။

ထို့ပြင် ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင် ကျော်ဇံ၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ဗန်းမောက် မဲဆန္ဒနယ်မှ ဦးကျော်စိုးနှင့် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း တို့၏ လမ်း၊ တံတား အဆင့်မြှင့်တင်ပေးရေး ဆိုင်ရာ မေးခွန်းများကိုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့က ပြန်လည်ဖြေ ကြားခဲ့ကြသည်။

ထို့နောက် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမားများ ထွက်ပေါ်လာရေးအတွက် ကျေးလက် ဒေသမှ မြို့ပြများအထိ လည်းကောင်း၊ အခြေခံကျောင်းများမှ တက္ကသိုလ်၊ ကောလိပ် များ အထိလည်းကောင်း အားကစား ပြက္ခဒိန်များ ရေးဆွဲ၍ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ လွှတ်တော် က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။

ဦးတင်ထွေးက အဆိုတင်သွင်းရာတွင် အားကစားပြိုင်ပွဲများ၊ ကျေးလက်များရှိ အားကစားကွင်းများ၊ ကျောင်းများရှိ အားကစားကွင်းများသည် ပျောက်ခြင်းမလှ ပျောက်လာပါကြောင်း၊ အားကစားကွင်း များသည် အားကစားကွင်းများနှင့် မတူတော့ဘဲ လယ်ကွင်းကြီးများ အတိုင်း ဖြစ်နေသည့်နေရာ များစွာကို တွေ့ရပါကြောင်း၊ မြို့နယ်တိုင်းတွင် အားကစားရုံများ ဖွင့်လှစ်၍ အားကစားမှူးများ၊ နည်းစနစ်မှူးများနှင့် ၀န်ထမ်းများ ထားရှိ သော်လည်း ၀န်ထမ်းများ ရုံးတက်၊ ရုံးဆင်း ပြုနေသည်ကို တွေ့ရပြီး မြို့နယ်အားကစား တိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ပြုလုပ်ခြင်း မရှိသည် ကို တွေ့ရှိရပါကြောင်း ထည့်သွင်း တင်ပြခဲ့သည်။

ယနေ့ အစည်းအဝေးတွင် ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကကျ၍အရေး ပါလှသော ဝန်ထမ်း အမျိုးအစား တစ်ရပ်ဖြစ်သည့် သူနာပြုလောကအား ပြုပြင်ပြောင်း လဲမှုများပြုလုပ်၍ နိုင်ငံတော်၏ ကျန်းမာရေး ကဏ္ဍကို မြှင့်တင်ပေးပါရန် ပြည်ထောင်စု အစိုးရအားတိုက်တွန်းကြောင်း အဆို တင်သွင်းခြင်း၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာတင် ပြခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုများ ဆွေးနွေး အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက် ခဲ့ကြသည်။ 

ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment