Thursday, June 22, 2017

ဈေးကွက်အခြေပြု ဆန်စပါးထုတ်လုပ်မှုတိုးမြှင့်ရန် မြန်မာ-ဂျပန်ပညာရှင်များ ပူးပေါင်းဆောင်ရွက်

နေပြည်တော် ၊ ဇွန် ၂၂
ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိသုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်း ဆွေးနွေးချက်မှတ်တမ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်(၂၂)ရက် နံနက်(၉)နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တက်ေရာက်အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းနှင့် JICA မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Masayuki KARASAWA တို့က ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိသုံးစွဲနိုင်မှုမြှင့်တင်ရေး စီမံကိန်း ဆွေးနွေးချက်မှတ်တမ်းအား လက်မှတ်များရေးထိုး ခဲ့ကြသည်။
ဆန်စပါးမျိုးသန့်မျိုးစေ့ ရရှိသုံးစွဲနိုင်မှု မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံမှ ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်မည်ဖြစ်သည်။ စိုက်ပျိုးရေးသု‌တေသနတွင် မိဘမျိုးစေ့ မျိုးသန့်ပွားများရေး လုပ်ငန်းများ၏ နည်းပညာပိုင်း၊ ထုတ်လုပ်မှုအပိုင်း၊ ဖြန့်ဖြူးမှုလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး စီးပွားဖြစ် ဆန်စပါး မျိုးကောင်း မျိုးသန့်ရရှိသုံးစွဲမှု မြှင့်တင်ရေးစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီး ခရိုင် ၆ ခု၊  မြို နယ် ၂၆ ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မြို့နယ် ၇ ခုတို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အပါအဝင် မျိုးသန့်စံပြခြံများတွင် မျိုးကောင်း မျိုးသန့် ထုတ်လုပ်ရန်အတွက် နည်းပညာများ၊ ဈေးကွက် အခြေပြု ဆန်စပါးသီးနှံ ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်မည်ဖြစ်ရာ ရလာဒ်အဖြစ် မျိုးစေ့ထုတ်လုပ်သူ တောင်သူလယ်သမားများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ၊ အကျိုးတူပူးပေါင်း ဆောင်ရွက်သူများ အကျိုးအမြတ် ရရှိခံစားနိုင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို ၂၀၁၇ စက်တင်ဘာမှ ၂၀၂၃ ဖေဖော်ဝါရီအထိ (၅) နှစ်တာ စီမံကိန်းကာလ ထားရှိဆောင်ရွက်မည် ဖြစ်ပြီး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းရှိ မျိုးစေ့ခြံနှင့် မျိုးစေ့ဓါတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ စပါးအရည်အသွေး စစ်ဆေးရေး ဓါတ်ခွဲခန်းများကို ဂျပန်နည်းပညာနှင့်‌ ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်သည်။ စီးပွားဖြစ် စပါးမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးနိုင်စေမှာဖြစ်သည့်အတွက် စီမံကိန်းဒေသတွင်းရှိ ဆန်စပါးထုတ်လုပ်မှု ပိုမိုမြင့်မား လာကာ အရည်အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းကြောင့် နိုင်ငံတကာဈေးကွက်ဝင် စပါးများ ထုတ်လုပ်ရရှိ နိုင်ပြီး တောင်သူလယ်သမားများအတွက် များစွာအကျိုးကျေးဇူး ရရှိစေမည့် စီမံကိန်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment