Monday, June 5, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်အဝေး န၀မနေ့ကျင်းပ


နေပြည်တော် ဇွန် ၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်အဝေး န၀မနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် တည်ဆောက်ထားသော 132/66 KV,40MVA ဓာတ်အားခွဲရုံ၊ ချောက် မြို့မှ စလေကို ဖြတ်သန်းသွားသော ချောက်-ရေနံ ချောင်း မြို့ချင်းဆက်လမ်းအတိုင်း 66KV Line သွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာထွန်းနိုင်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၃၀ ရှိသည့်အနက် နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် မြို့ပေါ်ရပ် ကွက်အားလုံးနှင့် ကျေးရွာပေါင်း ၆၁ ရွာအား ဓာတ်အားဖြန့်ဖြူးပေးထားပြီး ကျေးရွာ ၂၅ ရွာအား အခြားနည်းလမ်းဖြင့် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ချောက်မြို့နယ်အတွင်း ဓာတ်အားစနစ်မှ မီးလင်းရန် ကျန်ရှိသော ကျေးရွာများအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင် ရန် ကွင်းဆင်းစစ်ဆေးလေ့လာခဲ့ရာတွင် ချောက်မြို့နယ်ရှိ စလေမြို့၊ ကျိတ်စုမြောက် ကျေးရွာအနီးတွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ၁ ရုံနှင့် ဂွေးချိုကျေးရွာအနီးတွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ၁ ရုံတို့ ထပ်မံတည်ဆောက်ရမည်ဟု စစ်ဆေးတွေ့ရှိရပါကြောင်း။
ထို့အတူ ၀န်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်သွားမည့် ၅ နှစ် စီမံချက်တွင် ချောက်မြို့နယ်ရှိ စလေမြို့၊ ကျိတ်စု (မြောက်) ကျေးရွာအနီး၌ အ၀င်အထွက် ၆၆ ကေဗွီ ဓာတ်အားလိုင်း ၆ မိုင်နှင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊၁၃၂ ကေဗွီ ချောက်ပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားချိတ်ဆက်ရယူပြီး ချောက်-ရေနံချောင်း မြို့ချင်းဆက်လမ်း အတိုင်း ၆၆ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်၍ ရေနံချောင်းမြို့ တွင် ၆၆/၃၃ ကေဗွီ၊ ၁၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၁ ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ၃၃ကေဗွီ ဓာတ်အားလိုင်း ၃ မိုင် တည်ဆောက်ခြင်းလုပ်ငန်းများအား ထည့်သွင်းရေးဆွဲ ထားပြီးဖြစ်ပါကြောင်း၊ စီမံချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားရှိပြီး ဘဏ္ဍာငွေရရှိပါက ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ စီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက ချောက်မြို့နယ်အတွင်းရှိ မီးလင်းရန် ကျန်ရှိသော ကျေးရွာများအား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွား နိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၏ ဇောတိက (PTTEP) ကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပြီး ရဲတံခွန်ပိုက်လိုင်းနှင့် ဇောတိကပိုက်လိုင်းနှစ်လိုင်းကြား ဥယျာဉ်ခြံ တောင်သူများ လုပ်ကိုင်စားသောက်ခွင့် မရတော့သော သီးပင်စားပင်များအား ယခင် ရတနာ (TOTAL) သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှင့် ရဲတံခွန်(PETRONAS) သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကဲ့သို့ သစ်ပင် တန်ဖိုး ၏သုံ့းနှစ်စာ နစ်နာကြေး၊ လျော်ကြေးအဖြစ် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဇောတိကစီမံကိန်းသည် ထိုင်းနိုင်ငံမှ  PTTEP ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းကို အကျိုးတူပူးပေါင်း၍ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစား ခြင်းစာချုပ် ချုပ်ဆိုလုပ်ကိုင်လျက်ရှိသော စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မုတ္တမကမ်းလွန်နှင့် တနင်္သာရီကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသော စီမံကိန်း ၃ခုရှိပြီး ရတနာစီမံကိန်းကို ၁၉၉၂ခုနှစ်တွင် ပြင်သစ်နိုင်ငံ Total ကုမ္ပဏီမှလည်းကောင်း၊ ရဲတံခွန်စီမံကိန်းကို ၁၉၉၀ခုနှစ်တွင် မလေးရှားနိုင်ငံ Petronas ကုမ္ပဏီမှလည်းကောင်း၊ ဇောတိကစီမကိန်းကို ၂၀၁၁ခုနှစ်တွင် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီမှလည်းကောင်း Operator များအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။
 အဆိုပါ စီမံကိန်းများမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းများနှင့် သွယ် တန်းပြီး ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပါကြောင်း၊ ပိုက်လိုင်းခင်းကျင်း တည် ဆောက်ရန် အတွက် လိုအပ်သည့် မြေယာများကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေ စာရင်းဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ မြေယာနှင့် သီးနှံ လျော်ကြေး ပေးရေး အဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း အနေဖြင့် မြေယာသိမ်းဆည်းခဲ့ကာ မြေယာသီးနှံလျော်ကြေးများကိုလည်း သက်ဆိုင်ရာ တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ သဘောတူလက်ခံသော ဒေသကာလပေါက်ဈေးနှုန်း များအတိုင်း မြေယာနှင့် သီးနှံတန်ဖိုး ၅ နှစ်စာကို ပေးလျော်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထင်ရှားစွာ တင်ပြလိုသည့်အချက်မှာ ရတနာပိုက်လိုင်းနှင့် ရဲတံခွန်ပိုက်လိုင်းနှစ်လိုင်း ကြားရှိ သီးနှံပင်များအတွက် ၃နှစ်စာ နစ်နာကြေး၊ လျော်ကြေးအဖြစ် Total ကုမ္ပဏီ နှင့်  Petronas ကုမ္ပဏီတို့က ပေးအပ်ခဲ့ခြင်းမရှိပါကြောင်း။
ဇောတိကပိုက်လိုင်းသည် ရဲတံခွန်ပိုက်လိုင်းနှင့် အနီးကပ်ဆုံးတည်ရှိပြီး လုပ်ငန်း စတင်လုပ်ဆောင်စဉ်ကပင် အဆိုပါတောင်သူများအနေဖြင့် ပိုက်လိုင်း ၂ လိုင်းကြား မြေယာများ၌ စိုက်ပျိုးထားသော သီးနှံများအတွက် လျော်ကြေးရယူလိုသည်ဟု တောင်းဆိုမှုများပြုလုပ်ခဲ့ကြပါကြောင်း၊ ဇောတိကစီမံကိန်းကို ဆောင်ရွက်နေသည့်  PTTEP ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက ပိုက်လိုင်းနှစ်လိုင်းကြားရှိမြေကို သိမ်းယူခြင်းမရှိခဲ့သော်လည်း ဒေသခံပြည်သူများ၏ စား  ၀တ်နေရေးကို အထောက်အကူပြုစေလိုသော စေတနာနှင့် စီမံကိန်းလုပ်ငန်းများလျင် မြန်ချောမွေ့စေရေးအတွက် ပိုက်လိုင်း နှစ်လိုင်းကြားရှိ မြေပိုင်ရှင် ၃၉၀ ဦး၏ မြေဧက ၂၁၆ ဒသမ ၀၇၆ ဧကကို တစ်ဧကလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၅၀ ကို ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ထောက်ပံ့ပေးအပ်ခဲ့ရာ ယနေ့အထိ တောင်သူ ၃၀၉ ဦးမှ လက်ခံရယူ ခဲ့ပြီး ကျန် ၈၁ဦးတို့မှ လက်ခံရယူခဲ့ခြင်း မရှိသေးပါကြောင်း၊ အဆိုပါ ထောက်ပံ့ကြေး လက်မခံခဲ့သူတောင်သူများအတွက် ထောက်ပံ့ကြေးငွေကို သက်ဆိုင်ရာဒေသ အာဏာ ပိုင်များထံတွင် ဘဏ်အကောင့်နံပါတ် CF0001808 ဖြင့် မြန်မာ့စီးပွားရေးဘဏ်(ထား ၀ယ်မြို့) တွင် အပ်နှံပေးထားခဲ့ပြီး ထုတ်ယူလိုပါက တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း။
ဇောတိက စီမံကိန်းနှင့် ရဲတံခွန်စီမံကိန်း ပိုက်လိုင်းနှစ်လိုင်းကြားရှိ မြေဧရိယာ ၂၁၆ ဒသမ ၀၇၆ဧကအတွင်းရှိ သီးနှံပင်များအား အပင်ခုတ်လှဲခြင်း၊ မြေသိမ်းယူခြင်း တစ်စုံတစ်ရာမရှိခဲ့သည့် အပြင် ထောက်ပံ့ကြေးအဖြစ်လည်း ပေးအပ်ခဲ့ပြီး  သီးပင် စားပင်များကိုလည်း လွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိစေကာ မည်သည့် ကန့် သတ်ချက်မျှမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရတနာပိုက်လိုင်းနှင့် ရဲတံခွန်ပိုက်လိုင်းနှစ်လိုင်း ကြားရှိ သီးနှံပင်များအတွက် ၃ နှစ်စာ နစ်နာကြေး၊ လျော်ကြေးအဖြစ် ပေးအပ်ခဲ့ခြင်း မရှိပါသဖြင့် အလားတူ ဇောတိက စီမံကိန်းနှင့် ရဲတံခွန်စီမံကိန်း ပိုက် လိုင်းနှစ်လိုင်းကြား ရှိ သီးနှံပင်များအတွက် သစ်ပင်တန်ဖိုး၏ ၃ နှစ်စာ နစ်နာကြေး၊  လျော်ကြေးပေးအပ်ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁)မှ ဦးအေးမင်းဟန်နှင့်ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်း နိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း ၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
 ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာ သော ရေအရင်းအမြစ်နှင့် မြစ် ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် ခင်မောင်အေး က ပြန်လည် ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက  ယင်းဥပဒေ ကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ အစည်းအဝေးကို  ဇွန်လ ၇ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment