Friday, May 12, 2017

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ကျင်းပ


နေပြည်တော် မေ ၁၂
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) (၁၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဦးသုဝေ၊ ပြည်ထောင်စု ၀န်ကြီးများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီနေ့ကျွန်မတို့ ကျင်းပတဲ့ အစည်း အဝေးက အဓိက အားဖြင့် ၂၄ ရက်မှာစမယ့် ညီလာခံအတွက် ဆွေးနွေးဖို့ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ဆက်နွှယ်နေတဲ့ တစ်ခြား ကိစ္စတွေ ကိုလည်း ကျွန်မတို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ ကျွန်မတို့ ကြိုးပမ်း ခဲ့တာ တစ်နှစ်ကျော်သွားပါပြီ။
တစ်နှစ်ကျော်တဲ့ ကာလအတွင်းမှာ အနိမ့်အမြင့်၊ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ အားလုံးခြုံငုံပြီးတော့ ကြည့်လိုက်ရင် တိုးတက်မှု ရှိတယ်လို့ ကျွန်မတို့က ယူဆပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက် ပြီး တစ်ကမ္ဘာလုံးကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။
ဘာဖြစ်လို့ စိတ်ဝင်စားလဲဆို ကျွန်မတို့နိုင်ငံအတွက်တင် မဟုတ်ဘူးပေါ့။ တခြားပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေ အတွက်လည်း အရေးကြီးတဲ့ သင်ခန်းစာတွေရနိုင်မယ့် ဖြစ်စဉ်လို့ပဲ သူတို့ ယူဆကြပါတယ်။
ကျွန်မတို့ရဲ့ အောင်မြင်မှုဆိုတာ ကျွန်မတို့ နိုင်ငံတစ်ခုတည်း အောင်မြင်မှု မဟုတ်ဘဲနဲ့ တစ်ကမ္ဘာလုံးရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် အောင်မြင်မှုဆိုပြီး သတ်မှတ်တဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့အနေနဲ့ ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီ လာခံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို အောင်မြင်အောင်လုပ်ဖို့ အားလုံးမှာ တာဝန်ရှိ တယ်လို့ ကျွန်မက ယူဆပါတယ်။
ဒီလို ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်လို့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ နောက်ဆုံးက ဆန္ဒနဲ့ပဲ ဆိုင်ပါတယ်။ ဆန္ဒကလွဲလို့ တခြားမဖြစ်နိုင်စရာ အကြောင်းဘာမှ မရှိပါ ဘူး။ ကျွန်မတို့ ခဏခဏ ပြောပါ တယ်။ အောင်မြင်ခြင်း တရားလေးပါဆိုတာ ဆန္ဒနဲ့ပဲ စတာပါပဲ။ ငြိမ်းချမ်းရေး လိုချင်လို့ရှိရင် ဘယ်လို နည်းနဲ့မဆို ကျွန်မတို့ ရယူလို့ရပါတယ်။ ငြိမ်းချမ်းရေး မလိုချင်လို့ရှိရင်တော့ နည်းအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေး ကြန့်ကြာအောင် လုပ်တယ်ဆိုတာ ဖြစ်နိုင် ပါတယ်။
ကျွန်မတို့ဟာ တကယ်ပဲ ဆန္ဒရှိရဲ့လား။ တကယ် ဆန္ဒရှိမှ တခြား ဝီရိယ၊ စိတ်ဓာတ်၊ ပညာတို့နဲ့ ကျွန်မတို့ ပံ့ပိုးပြီး အောင်မြင်ခြင်းကို ရနိုင်မှာပါ။ ဒါကြောင့် အစည်းအဝေးကို ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ ငြိမ်းချမ်းရေးအတွက် စစ်မှန်တဲ့ ဆန္ဒရှိတယ် ဆိုတာ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။
ဆန္ဒရှိခြင်း၊ မရှိခြင်းကို နောက်ဆုံး ဘယ်သူက ဆုံးဖြတ်မလဲဆိုတော့ ပြည်သူလူထု နဲ့ သမိုင်းက ဆုံးဖြတ် မှာဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာ ပစ္စပ္ပန်ကာလပြည်သူ မဟုတ်ပါဘူး။ နောင်လာမယ့် နောင်လာနောင် သားများ၊ မျိုးဆက်များက ဆုံးဖြတ်မှာဖြစ်ပြီး သမိုင်းက ဆုံးဖြတ်ခြင်းပဲဖြစ်မှာပါ။ ကျွန်မတို့အားလုံးဟာ အောင်မြင်မှုအတွက် ဝိုင်းဝန်ပြီးတော့ တတ်အား သမျှ စေတနာမှန်မှန်နဲ့ ကြိုစားသွားကြမယ်၊ ပြည်ထောင်စု စိတ် ဓာတ်အပြည့်အဝနဲ့ ကြိုစားသွားကြမယ်လို့ကျွန်မ အနေနဲ့ မျှော်လင့်ပါတယ် ဟု ပြောကြားသည်။
ထို့နောက် ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက နိုင်ငံရေး ဆွေးနွေးပွဲ တွင် ဆွေးနွေးသည့် အချက်အလက်များကို တန်းတူရည်တူနှင့် အမြင်သဘောထားများ ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အဖြေရှာသွားရမည် ဖြစ်ပါကြောင်း၊ အဖြေဆိုသည့် နေရာတွင် လည်း တစ်နိုင်ငံလုံးအကျိုးအတွက် အစုအဖွဲ့များ၏ အကျိုးအတွက်ကို မဆန့်ကျင် သည့်၊ တစ်နိုင်ငံလုံးအကျိုးရှိသည့်အဖြေရလဒ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ အကောင်အထည်ဖော် နိုင်သည့် အဖြေရလဒ်ကို ရရန်လည်းလိုအပ်ပါကြောင်း၊ ယနေ့ လုပ်ငန်းကော်မတီမှ တစ်ဆင့် တင်လာသည့် အဆိုပြုလွှာများ ဆွေးနွေးရမည့် ခေါင်းစဉ်များကို အတွင်းရေး မှူးများ အတွက် စုစည်းပြီး မိမိတို့ UPDJC အစည်းအဝေးမှ တင်ပြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက မိမိတို့ UPDJC သည် အရေးကြီးသည့် ပြည်ထောင်စု၏ ကိစ္စရပ်များ၊ တာဝန်များကို ထဲထဲဝင်ဝင် ပါဝင်ထမ်းဆောင်နေသည်မှာ ထင်ရှားပါကြောင်း၊ မိမိတို့၏ မျှော်လင့် ချက်များအောင်မြင်မည်ဆိုလျှင် ပြည်သူများအတွက် ပိုပြီး ၀မ်းသာကြရမည်ဖြစ်ပါကြောင်း၊ ထို့နောက် မိမိတို့ ညီလာခံကြီးမှ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို ဆက်ပြီး သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတွက် နိုင်ငံတော်အစိုးရနှင့်တစ်ကွ NCA တွင် လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရော၊ လက်မှတ်မထိုးထားသေးသည့် အဖွဲ့အစည်းများရော ထိုအချက်အ လက်များကို အားလုံး လိုလိုလားလား ရှိကြသည်၊ ကြိုက်နှစ်သက်ကြသည်ဟု မိမိအနေဖြင့် နားလည်ပါကြောင်း၊ နိုင်ငံရေး ပါတီ ၉၃ ဖွဲ့ကလည်း ဒီမိုကရေစီအရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးကို အားလုံး လက်ခံသဘောတူသည်၊ အားလုံးက လိုလား သည်ဟု မိမိတို့ လက်ခံ ပါကြောင်း ဟု ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ လုပ်ငန်းကော်မတီ များ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍများမှ ကဏ္ဍအလိုက် အခြေခံရမည့် မူများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီဝင်များက UPDJC သို့ တင်ပြဆွေးနွေးကြပြီး အတည်ပြုချက်များ ရယူသည်။
ဆက်လက်၍ NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ ဖိတ်ကြား သွားမည့် အစီအစဉ်များကို ဆွေးနွေးညှိနှိုင်းကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည့် ကာလ နှင့်ပုံစံ၊ ညီလာခံ၌ အတည်ပြုခြင်း ကိစ္စ ရပ်တွင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ညီလာခံ သဘာပတိအဖွဲ့နှင့် အကျိုးဆောင်အဖွဲ့ များ ဖွဲ့စည်းမည့် အစီအစဉ်၊ ညီလာခံသို့ ဖိတ်ကြားရေး ကိစ္စရပ်များ၊ ညီလာခံဖြစ်မြောက်ရန် ပံ့ပိုးမှုကိစ္စများနှင့် ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ တို့အပါ အ၀င် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ၊ ပဒိုစောကွယ် ထူးဝင်းနှင့် ဒေါက်တာတင်မျိုးဝင်း တို့က ဆွေးနွေးသဘောတူညီမှုများအပေါ် ၀မ်းမြောက်စကားပြောကြား၍ အစည်းအဝေးကို ညနေ()နာရီတွင် ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး () ခု၌ အချက်ပေါင်း (၂၁) ချက်ကို သဘော တူညီမှု ရရှိသည်။ အဆိုပါ သဘောတူညီချက်များမှာ အချုပ်အခြာအာဏာ၌ () ချက်၊ အချုပ် အခြာအာဏာ ကျင့်သုံးမှု၌ () ချက်၊ တန်းတူရေး၌ () ချက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၌ () ချက်၊ ဖက်ဒရယ် ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာ ခွဲဝေမှု) (၁၀) ချက်၊ ပါတီစုံ ဒီမိုကရေစီစနစ်၌ ( )ချက် စုစုပေါင်း (၂၁) ချက်ကို နိုင်ငံရေးကဏ္ဍတွင် အတည်ပြုနိုင်ခဲ့သည်။
ထိုပြင် စီးပွားရေးကဏ္ဍ ခေါင်းစဉ်ကြီး () ခု၌ အချက်ပေါင်း (၁၀) ချက်၊ လူမှုရေးကဏ္ဍ၌ အချက်ပေါင်း ()ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၌ အချက်ပေါင်း ()ချက် စုစု ပေါင်း (၄၁) ချက်ကို သဘောတူညီမှု ရရှိခဲ့သည်။
ယနေ့ရရှိခဲ့သည့် နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး () ခု၌ သဘောတူညီခဲ့သည့် အချက်ပေါင်း (၂၁) ချက်၌ မြန်မာ့သမိုင်းတွင် မရှိခဲ့ဘူးသည့် ဖက်ဒရယ်ဆိုင်ရာ သဘောတူညီ ချက်များကို ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက် (၄၁) ချက်အား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံသို့ တင်သွင်းပြီး အတည်ပြုချက်များ ရယူသွားမည် ဖြစ်သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံကို မေ ၂၄ ရက်မှ ၂၈ ရက်အထိ () ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး အစည်းအဝေး ကျင်းပရာတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများ၊ အစုအဖွဲ့ အလိုက် ဆွေးနွေးပွဲများနှင့် ညီလာခံ အတည်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment