Saturday, May 13, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် ပေကျင်းမြို့သို့ထွက်ခွာ


နေပြည်တော် မေ ၁၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် သို့ တက်ရောက်ရန် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက် ခွာကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးယာယီတာဝန်ခံ မစ္စတာ ချမ်းချမ်းနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးအောင်ထူးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို မေ ၁၄ ရက်တွင် ကျင်းပ မည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ခေါင်းဆောင်များ တက် ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)

No comments:

Post a Comment