Saturday, May 6, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ရှိ St. Mary’s ဆေးရုံကြည့်ရှုလေ့လာ

လန်ဒန် မေ  ၆
ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ တရားဝင်ခရီးရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် မေ ၅ ရက် ညနေ ၃ နာရီခွဲတွင် လန်ဒန်မြို့ရှိ St. Mary’s ဆေးရုံသို့ ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့သည် ဆေးရုံအတွင်း သင်ကြားရေးအထောက်အကူပြု ခေတ်မီပစ္စည်း ကရိယာများ အသုံးပြုပြီး ဆေးကုသ သရုပ်ပြနေမှုများကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ဆေးရုံသည် မြန်မာနိုင်ငံဆေးပညာသင်ကြားမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ၀န်ကြီး ဌာနနှင့် ပူးပေါင်းကူညီထောက်ပံ့ပေးနေသည့် ဆေးပညာဘာသာရပ်ဆိုင်ရာ သင်ကြားရေးဆေးရုံ ဖြစ်ကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန Rt. Hon Boris Johnson က လန်ဒန်မြို့ Carlton Gardens ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲတွင် မြန်မာ- ဗြိတိန်နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည် မြှင့်တင်နိုင်ရေး၊ ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ တိုးတက်မှုအခြေအနေနှင့် အဆိုပါ လုပ်ငန်းစဉ်များကို ဗြိတိန်နိုင်ငံမှ ဆက်လက်ကူညီ ဆောင်ရွက်သွားရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment